ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစခန်းကိုဝိုင်းထားသည်မှာ တစ်လခန့်ရှိပြီဖြစ်ပြီး စားနပ်ရိက္ခာများလည်း ဖြတ်တောက်ခံထားရသည်ဟု ဖားကန့်မြို့နေ KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ပတ်ပတ်လည်ဝိုင်းထားတာကြာပြီ ဝှေခါတပ်စခန်းစတိုက်ကတည်းကပဲ။ စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံထားရတာပေါ့။ တဖြည်းဖြည်းတိုက်တာ ဒီနေ့တော့ သိမ်းလိုက်နိုင်ပြီ။ လက်နက်ကြီးပစ်တာတွေလည်း အခုတော့ ငြိမ်သွားပြီ။ အခုသိမ်းတာကတပ်စခန်း အသေးပါ။ ဘာတွေသိမ်းမိထားလဲဆိုတာတော့ မသိရသေးဘူး” ဟုပြောသည်။

စခန်းအတွင်း ဝင်ရောက်စီးနင်းထားပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် ဖားကန့်ဗျူဟာကုန်းမှလည်း လက်နက်ကြီးပစ်ကူနေကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

”အခုအခုလေးတင်ဝင်နိုင်ပြီ သိမ်းနိုင်ပြီနော်။ ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးထုပေးနေလို့ အဲ့မှာလည်း 40 MM နဲ့ ပတ်ပတ်လည်းကနေ ပြန်သွားထုပေးလိုက်တယ်။ သိမ်းနိုင်တာမှန်ပြီနော် ဒီတစ်ခါတော့” ဟုပြောသည်။

သိမ်းပိုက်ရရှိထားသောစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး၏ရုပ်အလောင်းတွေ့ရှိရသည်ဟု ကနဦးသိရပြီး အသေးစိတ်အချက်အလက်များကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့် ဖားကန့် – မြစ်ကြီးနားလမ်းရှိ နန့်တိန်းနှင့် ကျောက်ထုအနီးတို့တွင် ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

နန့်တိန်စခန်းကို ယမန်နေ့ညနေ ၄ နာရီခန့်ကလည်း KIA က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာနှင့် နန့်တိန်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ ၆ ရက်နေ့က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် စခန်းကုန်းနှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးကိုလည်း ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

သတင်း – Pan soon, Zami

ပုံ – KIA တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ