ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများနှင့် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် သုံးနှစ်တာကာလအတွင်း ပြည်သူ ၄၅၀ နီးပါးသေဆုံးခဲ့ကြောင်း သိရသည်။

ချင်းရေးရာအဖွဲ့ချုပ် ICA ၏ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သည့် စာရင်းများအရစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လူသားဒိုင်းအဖြစ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် သတ်ဖြတ်ခံရမှု၊ အကျဉ်းထောင် အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ မြေမြုပ်မိုင်းနှင့် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် သေဆုံးခဲ့သူ စုစုပေါင်း ၄၄၅ ဦးရှိကြောင်းသိရသည်။

သေဆုံးခဲ့သူများမှ ၁၂၃ ဦးမှာ စစ်ကောင်စီစစ်ကြောင်း၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ဒုတိယအများဆုံးဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ‌သေဆုံးသူ ၈၄ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ထို့အပြင် ဖမ်းဆီးနှိပ်စက်ပြီး အလောင်းဖျောက်ဖျက်ခံရသူ ချင်းအမျိုသား ၁၁ ဦးနှင့် ရုပ်အလောင်း မီးရှို့ဖျက်ဆီးခံရသူ ၁၀ ဦးထိရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချင်းပြည်နယ်တွင် သုံးနှစ်တာအတွင်း တိုက်ပွဲပေါင်း ၉၀၀ ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးခဲ့ပြီး ချင်းအမျိုးသားတော်လှန်ရေးတပ်သား ၂၄၆ ဦး အသက်ပေးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်း သုံးနှစ်တာကာလအတွင်း ချင်းပြည်နယ်အတွင်းရှိ လူဦးရေ တစ်ထောင်ကျော်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရပြီး အများစုမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများကြောင့် ချင်းပြည်နယ်အတွင်းမှ စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိပြီး ခြောက်သောင်းနီးပါးမှာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ