ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရသည်။

လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး အဆိုပါနေရာအနီးသို့ ဖားကန့်မြို့နှင့် ကံဆီးကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်နေသည်ဟု ဖားကန့်မြို့မှ KIA သတင်းရင်းမြစ်တစ်ဦး The 74 Media ကိုပြောသည်။

“တပ်စခန်းတစ်ဝက်တော့ ဝင်နိုင်ပြီး စကစရဲ့ ကာကင်းတွေပေါ့။ လက်နက်ကြီးကတော့ ဖားကန့်ဘက်က ပစ်လိုက်၊ ကံဆီးဘက်က ပစ်လိုက်နဲ့ပဲ။ အပြီးသတ်တော့ မသိမ်းနိုင်သေးဘူး။ တပ်စခန်းကုန်းနှစ်ခုတော့ ဝင်နိုင်ပြီ၊ ပိုမြင့်တဲ့ကုန်းပဲ ကျန်တော့တယ်လို့ပြောတယ်” ဟုပြောသည်။

နန့်တိန်ကျေးရွာတွင် ယမန့်နေ့ည ၄ နာရီခန့်မှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း လမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း အမည်မဖော်လိုသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

“ဖြစ်တော့ဖြစ်နေသေးတုန်းပဲ တိုက်ပွဲက အဆင်းကားတွေကိုလည်း နန့်တိန်းကနေပြန်လှည့်ခိုင်းတယ်။ အတက် တွေလည်းမရသေးဘူး။ ခိုင်လုံတဲ့အထောက်အထားစစ်တာတော့ သုံး၊ လေးရက်ရှိပါပြီ တစ်မျဉ်းစောင်း (၁/) မှမဟုတ်ရင် ဖားကန့်ဘက်ကခိုင်မာတဲ့အချက်အလက်တွေတောင်းတယ်။ အဲ့ဒါတောင်မှ အမျိုးသမီးတွေပဲရတာ အမျိုးသားတွေဆို လုံးဝမရဘူး” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ယမန်နေ့ည ၇ နာရီခွဲခန့်ကလည်း ဖားကန့်မြို့၊ မော်မောင်းလယန်အုပ်စု၊ သောင်းချိုကျေးရွာရှိ နေအိမ်တစ်ခုတွင် လက်နက်ကြီးထိမှန်ခဲ့ကြောင်း ဒေသခံရေမဆေးသမားတစ်ဦးက ပြောသည်။

“ဘယ်ဘက်ကပစ်လိုက်တဲ့လက်နက်ကြီးကျည်လည်း မသိဘူး အိမ်ပေါ်တည့်တည့်ကြီးကို ကျတယ်။ တော်သေးလို့ လူဘာမှမဖြစ်တာ။ ခေါင်းမိုးတွေ ပျက်စီးသွားတယ်” ဟုပြောသည်။

မြို့မရပ်ကွက်ရှိ ကျောက်ဝိုင်းအနီးတွင်လည်း လက်နက်ကြီးကျည် နှစ်လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် တိုယိုတာ အစ်ဆမ် (IPSUM) အမျိုးအစားကားတစ်စီးလည်းပျက်စီးခဲ့ကြောင်း ရပ်ကွက်နေကျောက်ပွဲစားတစ်ဦးကပြောသည်။

“ကားကတော့ ရစရာမရှိဘူး။ အမိုးတွေအကုန်ပွင့် ခြံနှစ်ခြံကဘေးချင်းကပ်ရပ်လေ ဘေးခြံကတော့ ရေချိုးခန်းထဲ ကျတာပေါ့။ လက်နက်ကြီးသံကြားတာနဲ့ ရှောင်လိုက်တာမြန်လို့။ လူအထိအခိုက် မရှိဘူး” ဟုပြောသည်။

ဖားကန့်မြို့၊ နန့်တိန်ကျေးရွာရှိ တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယမန်နေ့ညနေ ၄ ခန့်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၃၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon, Pe Ti, Zami

သင့်ထင်မြင်ချက်ရေးပေးပါ