စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၀ နာရီခန့်တွင် ဗန်းမော်မြို့၊ ခွန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ ပြည်သူတစ်ဦးကို ကြိုးတုပ်ဖမ်းဆီးသွားပြီး အိမ်ကို မီးရှို့သွားကြောင်း သိရသည်။

ခွန်သာအုပ်စု၊ တပ်ကလေးအပိုင်းရှိ နေအိမ်တစ်အိမ်သို့ ကားများဖြင့်ရောက်ရှိလာပြီး မိသားစုဝင်များကို အိမ်ရှေ့တွင်ကြိုးတုပ်ဒူးထောက်ခိုင်းပြီးနောက် နေအိမ်ကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ခွန်သာရပ်ကွက်နေ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိသားစုတွေ အကုန်လုံးကိုဆင်းခိုင်းပြီး အဲဒီအိမ်ကို ပတ်ချာလည်ဝိုင်းပစ်ပြီးမှ RPG နဲ့ထုတာ။ အိမ်ကမီးတော့ သိပ်မစွဲသွားဘူး ပွင့်ပဲပွင့်သွားတာ။ ရပ်ကွက်ထဲမှာမနေ့က ဆူညံနေတာပဲ။ စစ်ကားတွေလည်းအများကြီးလာတယ်လေ” ဟုဆိုသည်။

တပ်မ ၈၈ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသူမှာ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ ဦးမောင်မြဆိုသူဖြစ်ပြီး ၎င်း၏ သားဖြစ်သူကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးမောင်မြကိုလာရောက်ဖမ်းဆီးနေစဉ် ဗန်းမော်မြို့ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး အချက် ၂၀ ထက်မနည်းပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။

“စင့်ကင်ကိုသွားကျတယ်။ ရွာအနောက်လမ်းကနေဝင်တဲ့ ရွာအဝင်နား နတ်ကြီးစင်နားသွားကျတယ်။ အဲဒီနားက လယ်ထွန်စက်တွေနားသွားကျတော့ လက်ထွန်စက်တွေပျက်စီးသွားတယ်။ လက်နက်အသေးသံတွေရော အကြီးသံတွေရော စုံနေတာပဲ” ဟုဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်ရှိ NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူစည်ကားရာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးရောင်းဈေးဝယ်များနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းမှစတင်ကာ အကြောင်းမဲ့ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ထက်မနည်းဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

 

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ