ရှမ်းနီအမျိုးသားများတပ် (SNA) က ဆယ်အိမ်စုတစ်စုလျှင် လူငါးဦးပေးရမည်ဟု ဟုမ္မလင်းမြို့နယ်တွင် အဓမ္မ လူသစ်စုဆောင်းခဲ့သော်လည်း ဝင်ရောက်လာသူမရှိသောကြောင့် တပ်သို့ဝင်ရောက်လာသူကိုပေးရန်ဟုဆိုကာ ငွေကြေးလိုက်လံကောက်ခံနေကြောင်း သိရသည်။

နမ့်တောကျေးရွာတွင် SNA တပ်ဖွဲ့ထဲဝင်ရောက်လာသူမရှိသောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်ကာ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက တပ်ဖွဲ့ထဲဝင်ရောက်လိုသူများကို ပေးရန်ဟုဆိုကာ ကျေးရွာအတွင်း ငွေကြေးလိုက်လံကောက်ခံနေခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဝင်မယ့်သူမရှိလို့ အတင်းဝင်ခိုင်းတာ သေတဲ့သူလည်းများနေတော့ မဝင်ချင်ကြလို့ ပြေးကြတာအများကြီးပဲ။ အခုလူသစ်စုလို့မရတာက အရင်က အမျိုးသားရေးစိတ်ဓာတ်နဲ့ဝင်ကြပေမဲ့ ခေါင်းဆောင်ပိုင်းက ခေါင်းဆောင် မပီသတာ၊ အရည်အချင်းမရှိတာတွေကြောင့် အရင်လူတွေသေကုန်တာလည်းပါမယ်။ ရှေ့တန်းမှာ မတိုက်ရင် အနောက်ကနေ ပစ်သတ်တာ။ ဒဏ်ရာရရင် မကုဘဲပစ်သတ်လို့ ကလေးတွေလည်း ကြောက်နေကြတာ” ဟုပြောသည်။

ဟုမ္မလင်းမြို့နယ်ဒေသခံပြည်သူများက အခြားလက်နက်ကိုင်အဖွဲ့အစည်းများကို ကြောက်ရသည့်အပြင် SNA ၏ ယခုကဲ့သို့ အတင်းအဓမ္မလုပ်ရပ်များကိုကြုံနေရသောကြောင့် လက်မခံနိုင်ကြောင်း သူကဆက်ပြောသည်။

တပ်သို့ဝင်ရောက်လာသူတစ်ဦးကို ငွေကျပ်သိန်း ၆၀ မှ ၈၀ အတွင်းပေးမည်ဟု သိရသော်လည်း မည်သည့်ပုံစံဖြင့်ပေးမည်ကို အတိအကျသိရှိရခြင်းမရှိပါ။

ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက အခန်းငှားရမ်းနေထိုင်သည့် ဧည့်သည်များကို ကျပ်သုံးသောင်းမှ ငါးသောင်း၊ ဒေသခံတစ်အိမ်ထောင်လျှင် ငွေကျပ်တစ်သိန်းနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများက လုပ်ငန်း အမျိုးအစားပေါ်မူတည်ကာ ငွေကြေးလိုက်လံကောက်ခံနေခြင်းဖြစ်ပြီး ဒေသခံပြည်သူများတွင် တပ်အတွင်းဝင်ရောက်လိုသူမရှိကြောင်း ဒေသခံအခြားတစ်ဦးကပြောသည်။

“တပ်ထဲဝင်ဖို့ အစည်းအဝေးတွေမှာ အမျိုးသားရေးတရားတွေဟောတယ်၊ ဒါပေမဲ့ ရပ်ရွာကတော့ မဝင်ချင်ကြဘူး ရန်တွေတောင်ထဖြစ်ကြတယ်လို့ကြားတယ်။ အခုအခြေအနေက တစ်ရွာလုံးအိမ်တိုင်စေ့ ငွေကောက်လိုက်တယ် ရတဲ့ငွေနဲ့ ဝင်ချင်တဲ့သူရှိရင် ငွေဘယ်လောက်ပေးမယ်ဆိုပြီး ငွေပေးလို့ SNA အလိုပြည့်အောင်လုပ်ကြမယ် ဆိုတာမျိုး စီစဉ်နေတယ်လို့ကြားတယ်” ဟုပြောသည်။

SNA က ပြီးခဲ့သည့် ဇန်နဝါရီလ တတိယအပါတ်မှစတင်ကာ ဆယ်အိမ်စုတစ်စုလျှင် လူငါးဦးပေးရမည်ဟု လိုက်လံစည်းရုံးခဲ့ပြီး တပ်သို့ဝင်မည်သူမရှိပါက တစ်ယောက်လျှင် ကျပ်သိန်းနှစ်ဆယ်နှုန်းဖြင့် ဆယ်အိမ်တစ်စုက ကျပ်သိန်းတစ်ရာပေးရမည်ဟု ပြောကြောင်းသိရသည်။

စစ်ကောင်စီတပ်က SNA ကို ဟုမ္မလင်းမြို့နယ်အတွင်း လုပ်ပိုင်ခွင့် အပြည့်အဝပေးထားပြီး စစ်ရေးတွင် ကျရှုံးနေသောကြောင့် တပ်သားသစ်အဓမ္မစုဆောင်းနေခြင်းအပြင် လူမျိုးရေးနှင့် ဘာသာရေး မှိုင်းတိုက်ခြင်းများလည်း ပြုလုပ်နေကြခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“လူသစ်စုနေတာတော်တော်ကြာပြီ အဲ့လူသစ်စုပြီး လက်နက်တပ်ဆင်ပေးပြီးတော့ ရွှေပြည်အေးဘက် ပို့တာတွေရှိတယ်။ ပိုက်ဆံကောက်တာတွေလည်း ကြားတော့ကြားတယ်အဲ့ဘက်က ဖုန်းလိုင်းတွေဖြတ်ထားတာ အခြေအနေ အတိကျကြီးတော့မသိရဘူး။ သူတို့က စစ်ရေးအကျရှုံးများတော့ ဘာသာရေး၊ လူမျိုးရေး တစ်ခုမဟုတ် တစ်ခုနဲ့တော့ ဝါဒမှိုင်းတွေတိုက်ကြတာပဲ” ဟုပြောသည်။

လက်ရှိအချိန်တွင် SNA တပ်မဟာ – ၇၅၃ ဌာနချုပ်တွင် ဗန်းမောက်မြို့နယ် SNA တပ်မဟာ – ၆၄၁ မှ သင်တန်းသားများနှင့် ဟုမ္မလင်းမြို့နယ်မှ စုဆောင်းထားသောသင်တန်းသားများကို စစ်သင်တန်းပေးနေပြီး သင်တန်းဆင်းပွဲတွင်တပ်ဆင်ပေးရန် စစ်ကောင်စီတပ်က G3 နှင့် MA သေနတ်အလက် ၄၀၀ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရှမ်းနီအမျိုးသားများတပ် (SNA) တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားသော ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြန်လည်ထိန်းချုပ်ရန် ထိုးစစ်ဆင်နေကြောင်းသိရသည်။

ရှမ်းနီအမျိုးသားများတပ် (SNA) ကို ၁၉၈၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝန်းသိုမြို့နယ် နှင့် ဗန်းမောက်မြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသည်။

ရွှေပြည်အေးမြို့နှင့် ဟုမ္မလင်းမြို့ကြား လွှစင်ကုန်းကျေးရွာရှိ ရှမ်းနီ (SNA) နှင့် စစ်ကောင်စီ ပူးပေါင်းတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ