ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် မဟာမိတ်တပ်များက ဇန်နဝါရီတစ်လအတွင်း ကချင်နှင့် ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်း ၁၃ ခုကို သိမ်းဆည်းရမိခဲ့ပြီး လေယာဉ်နှစ်စီးပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်ရှိ ဒေသအခေါ် ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၉ ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး တနိုင်းမြို့နယ်၊ ဒရူးကျေးရွာကို စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ – ၈၆) တပ်စခန်းကို ဇန်နဝါရီလ ၂၈ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။

ဖားကန့်မြို့နယ်၊ နန့်ဟိုင်ကျေးရွာ တာဝါတိုင်ကုန်းရှိ ခြေမြန်တပ်ရင်း (ခ.မ.ရ – ၁၄၄) တပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စခန်းကိုစွန့်ခွာပြီး ကာမိုင်းဗျူဟာကုန်းသို့ သွားရောက်ပူးပေါင်းခဲ့သဖြင့် အဆိုပါစခန်းကိုလည်း KIA ပူးပေါင်းတပ်က သိမ်းဆည်းခဲ့သည်။

ကချင်လွတ်မြောက်ရေးတပ် (KIA)တပ်ဖွဲ့ဝင်များက ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ်ဖတ်ကာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၁၂၃) ကို ဇန်နဝါရီ ၂၄ နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့ကလည်း မဘိမ်းမြို့ မြို့မရဲစခန်းနှင့် ကုန်းမခံကျေးရွာအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၂၇၆) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဇန်နဝါရီလ ၁၈ ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် မိုးမိတ်မြို့၊ မြို့မရဲစခန်းနှင့် ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာခဲ့သော်လည်း စစ်ကောင်စီတပ်၏ ဝါဒဖြန့်သတင်းဌာနများက မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု ဖော်ပြခဲ့ကြသည်။

ဝှေခါကျေးရွာနှင့် နန့်တိန်ရှိ စစ်ကောင်စီတပ်စခန်းများကို ဇန်နဝါရီလ ၆ ရက်နေ့က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဝှေခါကျေးရွာရှိ ရဲစခန်းနှင့် စခန်းကုန်းနှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါဦးကိုလည်း ဇန်နဝါရီ ၂၀ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ဝှေခါစခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သည့် PDF တပ်ဖွဲ့ဝင် ဒေါ်ဂျန်မော်ခေါန်ရှောင် (ခ) ဒေါ်ချောစုကို KIA က တပ်ကြပ်ကြီးရာထူး ချီးမြှင့်ခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း မံဝိန်းကြီးကျေးရွာရှိ ဘန်ခုံယာန်စခန်းနှင့် လွယ်ဂျောင်ဘွမ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးခန့်ကို အရှင်ဖမ်းဆီးရမိခဲ့သည်။

ခေါင်လန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) ပူးပေါင်းတပ်ဖွဲ့က လေးရက်ကြာ သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မိမိဒေသကာကွယ်ရန်ဟုဆိုကာ ပူတာအိုမြို့နယ်တွင် စည်းရုံးလှုံ့ဆော်မှုများနှင့် လူသစ်စုဆောင်းမှုများကို ဆက်တိုက်ပြုလုပ်လာပြီး မြို့အတွင်းရှိ နေရာအချို့တွင်လည်း စစ်ဆေးရေးဂိတ်များ စတင်တည်ဆောက်လာခဲ့သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်တွင်လည်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ၃ ရက်နေ့က ဝိုင်းမော်မြို့နယ်၊ နမ့်ဆန်ယန်ကျေးရွာအနီး စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို KIA က ပစ်ချခဲ့သည်။

ရဟတ်ယာဉ်ပေါ်ပါလာသည့် ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့သည်။

လက်ရှိအချိန်တွင်လည်း ကချင်ပြည်နယ် နေရာအနှံ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်း မကြာခဏဖြစ်ပွားနေသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ