ဖားကန့်မြို့၊ နန့်တိန်ကျေးရွာတွင် ယနေ့ညနေ ၄ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်းသိရသည်။

KIA နှင့် KPDF ပူးပေါင်းတပ်က တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“နန့်တိန်ဘက်တိုက်ပွဲဖြစ်နေလို့ ဖားကန့်ဗျူဟာကုန်းကနေလက်နက်ကြီးတွေထု‌ပေးနေတယ်။ အဲ့နေရာမပြီးသေးလို့ အလုပ်ကမပြီးနိုင်ဖြစ်နေတယ်” ဟု‌ ပြောသည်။
တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးတစ်ဝိုက်သို့ ဖားကန့်တပ်မကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး ပစ်ကူနေကြောင်း ရှရော်ခကျေးရွာနေ ရေမဆေးရှာသူတစ်ဦးက ပြောသည်။
“လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကိုထုနေတာဗျ။ တိုက်ပွဲပြင်းလောက်တယ်။ စစ်ကောင်စီဘက်ကလည်း အထိနာလို့ ဒီလိုဆက်တိုက်ပစ်နေတာဟုတ်တယ်” ဟုပြောသည်။
လက်ရှိအချိန်ထိ ဖားကန့်ဗျူဟာကုန်းက ပစ်ခတ်သည့် လက်နက်ကြီး ၁၂ ချက်ထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
နန့်တိန်ကျေးရွာမှ ဒေသခံပြည်သူများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့ တိုက်ပွဲဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ တိမ်းရှောင်နေဆဲဖြစ်ပြီး နှစ်ဖက်ကင်းပုန်းများကို ကြောက်သဖြင့် ကျေးရွာအတွင်းမနေရဲသေးကြောင်း အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“ပြေးတဲ့နေ့ကတည်းက ပုံစံအတိုင်းပဲရှိနေသေးတယ်။ ပြန်လာဖို့က အခြေနေကိုစောင့်ကြည့်နေသေးတယ်။ ရွာထဲမှာ နှစ်ဖက်လုံးက ကင်းပုန်း ခဏခဏလာဝပ်ကြတယ်။ အခုလည် စစ်တပ်ဘက်က ကင်းပုန်းလာဝပ်ရင်း စပစ်ခံရတာလို့ ပြောနေကြတယ်”ဟုသူကပြောသည်။
ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးအခြေအနေတင်းမာလျက်ရှိပြီး ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ခြေမြန်တပ်ရင်း ခမရ (၄၂) တပ်နှင့် ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့က နှစ်ပတ်ခန့်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့သည်။
သတင်း – Pe Ti, Zami
ပုံ – ၂၀၁၃ ခုနှစ်အတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသော KIA တပ်ဖွဲ့ဝင်များ (Getty Images)
သင့်ထင်မြင်ချက်ရေးပေးပါ