ခင်ဦးမြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က စစ်ရှောင်အမျိုးသားသုံးဦးကို သတ်ဖြတ်သွားပြီး ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလုံကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားချိန် ပြည်သူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု ဝါဒဖြန့်ထားကြောင်း ခင်ဦးမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“တစ်ဦးကတော့ လည်လှီးတာပေါ့ ကျန်တဲ့ နှစ်ဦးကတော့ ပစ်ခံရတာ။ သူတို့(စစ်ကောင်စီ)ကတော့ ပြည်သူတွေကိုသတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ဝါဒဖြန့်တာကတော့ ထုံစံပဲဗျာ။ ကိုရဲအောင်ဆို ရပ်ရပ်ပြောတာကို ဆိုင်ကယ်ပြန်လှည့်ပြီး ထွက်ပြေးတဲ့အချိန်ပစ်သတ်လိုက်တာ တစ်ခါတည်းလဲသွားတယ်လို့ မျက်မြင်တွေ့တဲ့သူတွေကပြောတယ်” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အသက် ၃၁ နှစ်ခန့်အရွယ်ရှိ ကိုရဲအောင်၊ အသက် ၅၁ နှစ်ခန့်အရွယ်ရှိ ဦးသန်းထွန်းနှင့် အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဦးသန်းလွင်တို့မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် စာရင်းတွင် ပါရှိသူများမဟုတ်ကြောင်းနှင့် ယမန့်နေ့ညနေက မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ အင်အား ၁၈၀ ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလုံကျေးရွာနှင့် သာဝတ္တိကျေးရွာမှ အိမ်ခြေ ၁၈၀ ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အကုန်ပြာကျသွားတယ်လေ၊ အုပ်တိုက်တွေရော ဘာတွေရောပဲ။ အိမ်တွေအဲ့လိုမီးရှို့လိုက်လို့ စပါးတင်း တစ်သောင်းလောက်ပါသွားတယ်။ ပြည်သူလူထုတွေစားသုံးနေတဲ့ဟာကို သက်သက်မဲ့ဖျက်ဆီးတာ။ ဈေးဆိုင်ပစ္စည်းတွေတော့ အကုန်ဖောက်ထွင်းပြီးယူသွားတာ အခုမှရှင်းလင်းကြတုန်းပဲရှိသေးတယ်။ မနေ့က စကစတွေတော်တော်သောင်းကျန်းခဲ့တာဟုတ်တယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ခဲ့သောကြောင့် ယမန်နေ့က ကလုံကျေးရွာ၊ သာဝတ္တိကျေးရွာ၊ သရက်ပင်စုကျေးရွာ၊ အရာတော်ကျေးရွာ၊ အင်တိုင်းလေးကျေးရွာ၊ အင်တိုင်းကြီးကျေးရွာ၊ ၊ ကျွန်းတောကြီးကျေးရွာ၊ ကျွန်းတောလေးကျေးရွာနှင့် မင်းကျကျေးရွာစသည့် ကျေးရွာ ၁၈ ရွာမှ ဒေသခံပြည်သူများ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ လက်ရှိ ရေဦးမြို့နယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒေသခံပြည်သူများကလည်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးကျေးရွာသို့ စစ်ကြောင်းထိုးခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် စစ်ရှောင်ပြည်သူ ငါးဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ