ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

အင်အားနှစ်ရာဝန်းကျင်ခန့်ရှိသော စစ်ကောင်စီစစ်ကြောင်းကို ကဇူးယန်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် တပ်မဟာ (၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကဇူးယန်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့က ဂမ်ကုန်းစခန်း၊ ဂီးဒွန်စခန်းတို့ဘက်ရိက္ခာပို့နိုင်ဖို့လုပ်နေတာ။ အဓိကက ဆမားလမ်းခွဲကိုနေရာပြန်ယူချင်နေတာဟုတ်တယ်။ ကေအိုင်အေကဖြတ်တောက်ထားတော့ခက်နေတာ” ဟုပြောသည်။

ဒဘက်ယန်ကျေးရွာမှ ဆိုင်ကယ်ဖြင့်ငါးမိနစ်ခန့်သွားရသည့်နေရာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နေ့လယ် ၁၂ နာရီခန့်အထိလက်နက်ကြီးသံနှင့် သေနတ်သံများကြားရကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက် ၁၀ နာရီလောက်ကနေကြားရပြီ။ စခန်းကုန်းတွေကနေ လက်နက်ကြီးတွေနဲ့ပစ်တာတော့မဟုတ်ဘူး။ ၄၀မမ တို့ ၆၀မမ တို့နဲ့ပစ်တဲ့အသံဟုတ်တယ်။ သေနတ်သံတွေလည်းကြားရတယ်၊ အခုတော့ငြိမ်သွားပါပြီ” ဟုပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးပါ။

KIA တိုက်ခိုက်ခဲ့သော အဆိုပါစစ်ကြောင်းသည် ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလက ဒဘက်ကျေးရွာတံတားအနီးရှိ တပ်စခန်းတွင်ရောက်ရှိနေသော စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ – ၂၃၈၊ ခြေလျင်တပ်ရင်း ခ.လ.ရ – ၃၈၇ တပ်ဖွဲ့ဝင်များဖြစ်ကြောင်းသိရသည်။

သတင်း – Doi Awng

ပုံ – ရှေ့တန်းစစ်မြေပြင်မှ KIA စစ်သည်နှစ်ဦးကို တွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ