မြစ်ကြီးနားမြို့တွင် ယနေ့နံနက် ၁၂ ခန့်က အိမ်စီးကားတစ်စီးလမ်းလယ်ကျွန်းကိုတိုက်ကာ တိမ်းမှောက်သွားပြီး ကားပေါ်စီးနင်းလိုက်ပါလာသူများ ထွက်ပြေးသွားကြောင်း သိရသည်။

လောင်စာဆီများသယ်ထားသည့် PARADO အမျိုးအစားကားတစ်စီးက အင်ဂျန်ဒုံနယ်မြေ အဝိုင်းပတ်လမ်းလယ်ကျွန်းကိုတိုက်မိပြီး အရှိန်လွန် တိမ်းမှောက်ခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မြစ်ကြီးနား) မှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားကတပ်ကုန်းဘက်ကနေတက်လာတာ အရှိန်လွန်ပြီး ပလက်ဖောင်းကို သွားတိုက်တာ။ ဟိုဘက်အခြမ်းမှာ သွားမှောက်နေတယ်။ အရှိန်တော်တော်များတဲ့ပုံစံဟုတ်တယ်။ တော်သေးတယ် သူတို့သယ်ထားတဲ့ဆီက ဒီဇယ်ဖြစ်နေလို့ ပုံးအဝါငါးပုံးလောက်ရှိတယ်။ အားလုံးပေါက်ပြီး ယိုနေပြီ” ဟုပြောသည်။

ကားပေါ်လိုက်ပါလာသည့် ထိခိုက်ဒဏ်ရာရရှိထားသူတစ်ဦးအပါအဝင် သုံးဦးထွက်ပြေးသွားသည်ဟု မျက်မြင်တွေ့ရှိသူများကပြောကြောင်း သူကဆက်ပြောသည်။

“မြင်တဲ့သူတွေပြောတာ ပြေးသွားတယ်။ အဲ့စက်မှုဇုံကလို့ပဲပြောကြတယ်။ အဲ့နားကပဲ ကရိန်းနဲ့ ပြန်သယ်သွားတယ်။ ကျွန်တော်တို့လည်း အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေကိုဖုန်းဆက်ကြည့်တယ် ညနက်သွားတော့ မကိုင်တော့ဘူး” ဟုပြောသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်း ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့ကလည်း တစ်ရက်အတွင်း ယာဉ်တိုက်မှုသုံးခုဖြစ်ပွားခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ကချင်ပြည်နယ်/ မြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ