နေအိမ်တွင်တစ်ဦးတည်းရှိနေသည့် နောင်နန်းဒေသခံသက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို မျက်နှာဖုံးဝတ်ဆင်ထားသည့် အမျိုးသားကိုးဦး ယနေ့ညနေ ၆ နာရီခန့်က ဝင်ရောက်ရိုက်နှက်သွားကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ နောင်နန်းကျေးရွာရှိနေအိမ်ကို ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ထင်းချောင်းများဖြင့် ရိုက်နက်သွားခြင်းဖြစ်သည်ဟု အိမ်နီးချင်း အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ထင်းတွေနဲ့လာရိုက်သွားတာ။ သူတို့က လာသတ်တဲ့သဘောတောင်ဟုတ်တယ်။ ခေါင်းလည်း ထိသွားတယ်။ အခုလူနာကအငြိမ်တောင်မနေနိုင်တော့ဘူး။ ကိုင်ရင်တောင်ရုန်းပဲရုန်းနေတယ်” ဟုပြောသည်။

ရိုက်ခံထားရသည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဒေါ်အင်ခွန်လုအောန်မှာ တစ်ကိုယ်လုံးတွင် ညိုမဲစွဲဒဏ်ရာနှင့် ဖူးယောင်ဒဏ်ရာများရရှိထားပြီး KBC မှ ဖွင့်လှစ်ထားသည့် ဆမာရိဆေးခန်းတွင် ဆေးကုသမှုခံယူနေကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“နေရာတကာသွေးတွေပဲ လက်တွေကိုကိုင်ထားပြီးဝိုင်းရိုက်တာတဲ့။ တုတ်တွေ၊ ထင်းတွေ၊ ကျောက်ခဲတွေနဲ့ ဝိုင်းရိုက်တယ်လို့ပြောတယ်” ဟုပြောသည်။

ဒေါ်အင်ခွန်လုအောန်သည် လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး မြစ်ကြီးနားမြို့အမှတ် (၂) ရဲစခန်းတွင် ဝရမ်းထုတ်ခံထားရသည့် ကက်သလစ်ရဟန်း ဖာသာမုန်မိုင်၏ မိခင်ဖြစ်သည်။

ဖာသာမုန်မိုင်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အောင်နန်းရပ်ကွက်ရှိ စိန်ကိုလန်ဘန်ဘုရားကျောင်းနှင့် နောင်နန်းကျေးရွာအုပ်စုရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက ဝင်ရောက်ရှာဖွေခဲ့​သော်လည်း လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

မြစ်ကြီးနားသာသနာ၏ အကြီးအကဲများဖြစ်သော ကာဒီနယ်ချားလ်စ်မောင်ဘိုနှင့် ဘုန်းတော်ကြီး ဖာသာဒေါက်တာယုံဝါတို့ကလည်း ၂၀၂၃ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဖာသာမုန်မိုင်ကို ကာနွန်ဥပဒေအရ ရဟန်းဘဝမှရပ်စဲခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ