အာဏာသိမ်း သုံးနှစ်ပြည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသော အသံတိတ်သပိတ်နေ့တွင် မြစ်ကြီးနားမြို့တွင် သက်သာဈေးဆိုင်များနှင့် ဈေးရောင်းပွဲများပြုလုပ်နေကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အနီးရှိ ပြည်သူ့ရင်ပြင်နှင့် ဘူတာရုံတို့တွင် ပြုလုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံရုံးဝန်ထမ်းများက ပြုလုပ်နေခြင်းဖြစ်နိုင်သည်ဟု အနီးရှိ အမည်မဖော်လိုသည့် ဈေးသည်တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်ပိုင်းတော့ ဘူတာရုံဘက်မှာ အသား၊ ငါးတွေရောင်းနေတာ။ ပြည်သူ့ရင်ပြင်မှာတော့ ညနေအထိ လုပ်မယ်ပြောကြတယ်။ အဆိုတော်တွေလည်းလာကြတယ်။ နာမည်တွေတော့မပြောတော့ပါဘူး။ သီးချင်းတွေ ဘာတွေဖွင့်လို့ဆိုလို့ပါ့။ ထင်တာတော့ အသံတိတ်သပိတ်နေ့မို့လို့ ဟိုကောင်တွေ တမင်ပွဲရှာလုပ်တယ်လို့ ထင်တာပါပဲ” ဟုပြောသည်။

ပြည်သူ့ရင်ပြင်တွင် ကုန်စည်ပြပွဲဟုဆိုကာ ပြုလုပ်နေခြင်းဖြစ်ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ဝန်ကြီးအချို့က လုံခြုံရေးအပြည့်ဖြင့်ရောက်ရှိခဲ့ကြောင်း အဆိုပါနေရာသို့ရောက်ရှိခဲ့သည့် မြို့ခံတစ်ဦးကပြောသည်။

“မုန့်ဟင်းခါးလည်းအဝင်ပေါက်မှာတင်လုပ်ပေးနေတယ်။ ကုန်စည်ပြပွဲဆိုလို့ဝင်ကြည့်လိုက်တာ ဘာမှမတွေ့ဘူး။ ဝန်ကြီးတွေလည်းလာကြတယ်။ အစကတော့ ဘေးနားကဘုန်းကြီးကျောင်းလာ အဲ့မှာရှိနေကြတာ။ နေ့လယ်ပိုင်းလောက်တော့ ရင်ပြင်ဘက်ထွက်လာ ကြည့်ပြီး ခဏလေးဆို ပြန်သွားကြတယ်” ဟုပြောသည်။

ကုန်စည်ပြပွဲဟုဆိုသည့် ပြည်သူ့ရင်ပြင်အားကစားကွင်းတွင် အထည်ဆိုင်နှစ်ဆိုင်နှင့် ဘဲကင်ဆိုင် တစ်ဆိုင်သာရှိပြီး ဒီဂျေသီချင်းဖွင့်ထားသောစင်ရှေ့တွင် ကခုန်နေသော လူတစ်စုကိုတွေ့ရသည်။

အလားတူ ပြည်သူ့ဆေးရုံကြီးနှင့် ဂေါက်ကွင်းအနီး ဆွမ်ပရာဘွမ်လမ်းမကြီးဘေးတွင် အစိုးရဝန်ထမ်းများက ယနေ့နံနက် ကိုးနာရီခွဲခန့်က လမ်းတစ်လျှောက် အမှိုက်မီးရှို့၊ အမှိုက်ကောက်၊ မြက်နှုတ်မှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် အမျိုသမီးတစ်ဦးကပြောသည်။

“Silence Strike (အသံတိတ်သပိတ်) ရှိလို့ လုပ်တာအသိသာကြီးပါ။ အစောမလာဖူးတဲ့ အမှိုက်ကားတွေတောင် ၁၀ နာရီထိုးခါနီးမှကွက်တိလာနေတာ ရပ်ကွက်တွေထဲ။ လူတွေ မထွက်ထွက်အောင်နေမှာ”ဟုဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုဖြစ်သည့် Silence Strike (အသံတိတ်သပိတ်) ပြုလုပ်တိုင်း စစ်ကောင်စီက ဈေးဆိုင်များကို အတင်းအကျပ်ဖွင့်ခိုင်းခြင်း၊ စစ်ကောင်စီထောက်ခံအားပေးသောသူများဖြင့် လမ်းမပေါ်တွင် နည်းမျိုးစုံဖြင့် အတုအယောင် လူစုလူဝေးများပြုလုပ်နေသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ