ဖားကန့်မြို့၊ လုံးခင်းအုပ်စု လယ်ပြင်ကျေးရွာတွင် ယမန်နေ့ ညနေ (၂) နာရီက လူနေအိမ် (၃) လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ ကြောင်းသိရသည်။

အနှိပ်ခန်းမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဘေးရှိအိမ်သုံးလုံးသို့ မီးကူးသွားသည်ဟု ကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အနှိပ်ခန်းထဲက ဆေးလိပ်မီးကနေစလောင်တယ်လိုပြောနေကြတယ်။ သွပ်ပဲခြားတာကို တစ်ဝင်းတည်း ပုံစံလိုဖြစ်နေတော့ ဘေးအိမ်တွေလည်း တော်တော်လေးလောင်သွားတာတွေ့ရတယ်။ ပေါ့လိုလေ ပစ္စည်းသိမ်းချိန်တောင် မရကြဘူး” ဟုပြောသည်။

တစ်နာကျော်ကြာမီးလောင်ခဲ့ပြီးနောက် မီသတ်ကားနှစ်စီးနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ကြောင်း အသက် ၄၈ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မီးအရှိန်ပြင်းတယ် ဂတ်စ်ဘူးတွေလည်းပါတော့။ မြန်မြန်ငြိမ်းလိုက်နိုင်လို မဟုတ်ရင် နောက်အိမ်တွေထိပါ မီးကူးသွားနိုင်သေးတယ်” ဟုပြောသည်။

ဖားကန့်မြို့ ဝှေခါကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က  စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားနေချိန် လူနေအိမ်သုံးလုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ