ကရင်နီပြည်နယ်တွင် စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးထောင်နီးပါးသေဆုံးခဲ့ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ငါးရာနီးပါးကျဆုံးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) က ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည် တွင် တိုက်ပွဲပေါင်း ၉၆၀ ခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉၈၆ ဦးသေဆုံးပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင် ၄၇၇ ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

သုံးနှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၁၂၀၀ ကျော်ပြုလုပ်ခဲ့ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF) နှင့် ကရင်နီတပ်ပေါင်းစုများ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ K-8 W အမျိုးအစားတိုက်လေယာဉ်ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ရွာသစ်မြို့အနီးတွင်ပျက်ကျခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နှင့် KA တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် K- 8W အမျိုးစားတိုက်လေယာဉ်တစ်စီး ထပ်မံပျက်ကျခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အင်အားနှင့် ရိက္ခာဖြည့်တင်းသည့် ယာည်တန်များကို တိုက်ခိုက်ရာတွင်လည်း ကား ၆၈ စီးခန့် ပျက်စီးခဲ့ပြီး သိမ်းဆည်းရရှိသည့် ကားများလည်းရှိခဲ့သည်။

တိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်ပြည်သူ ၁၄၉ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၂၃၇၅ လုံးနှင့် စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းများနှင့် ဘာသာရေးအဆောက်အုံပေါင်း ၈၄ လုံးခန့် ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

အာဏာသိမ်း သုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးသတ်ဖြတ်မှုကြောင့် ပြည်သူ ၄၅၇ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံရသူ ၁၅၂ ဦးရှိခဲ့သည်။

တိုက်ပွဲကြောင့် လူဦးရေ လေးသိန်းခွဲခန့်ရှိသည့် ကရင်နီပြည်တွင် သုံးသိန်းခန့်မှာ စစ်ဘေးတိမ်းရှောင်နေရကြောင်း ကရင်နီလူ့အခွင့်ရေးအဖွဲ့ထံက သိရပြီး သောက်သုံးရေ အခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရကာ ဆေးဝါး၊ ရိက္ခာနှင့် အဝတ်အထည် အကူအညီများလိုအပ်နေဆဲဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ