ခါးတွင် ပြည်တည်နာများဖြစ်ကာ ဆေးကုသမှုခံယူနေရသည့် ပူတာအိုမြို့နယ်၊ နမ်ဖန်ကျေးရွာမှ ဆီးချိုဝေဒနာရှင်အမျိုးသားတစ်ဦး ဆေးကုသမှုခံယူရန် ငွေကြေးအကူအညီလိုအပ်နေကြောင်းသိရသည်။

ဆီးချိုရောဂါအခံရှိသောကြောင့် အနာအနည်းဖြစ်ရာမှ လက်ရှိခါးညာဘက်အခြမ်းမှ ပြည်တည်နာ၏အရွယ်အစားကြီးမားလာပြီး နာကျင်စွာခံစားနေရကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အနာသေးသေးလေးကနေ အကြီးကြီးဖြစ်လာတာ ခြေထောက်မှာတွေလည်းဟုတ်တယ်။ ဒါပေမဲ့ ခါးမှာတော့ အကြီးဆုံးပေါ့။ အနာလည်း အရမ်းနာတယ်ပြောတယ်။ အစကတော့ ပုပ်စော်တွေလည်းအရမ်းနံတာ။ အခုတော့ နေ့တိုင်းဆေးထည့်တော့ မနံဘူးလို့ပြောတယ်။ နေ့စားလုပ်ဖို့အတွက် ခေါင်လန်ဖူးဘက်ကိုသွားတာပေါ့။ ရှောကောထမ်းပြီး နေ့စားခရကြတာဟုတ်တယ်၊ အဲ့ကြောင့်သူတို့လည်း မိသားစုစားဝတ်နေရေး အခက်ခဲရှိလို့ ရှောကောထမ်းပြီး ငွေရှာဖို့သွားတဲ့အချိန် ပိုဆိုးလာတော့ သူများအကူအညီနဲ့ ပူတာအိုဆေးရုံရောက်လာတာဟုတ်တယ်။ ကြုံရာကျပန်း အလုပ်လုပ်တယ်ဆိုတော့ အရမ်းခက်ခဲဖြစ်နေတာဟုတ်တယ်”ဟုဆိုသည်။

ရောဂါဝေဒနာခံစားနေရသည့် အသက် ၆၀ နှစ်ခန့်အရွယ် ဦးရနန်းဖုန်ဆာရ်းဖြစ်ပြီး ခေါင်လန်ဖူးမြို့နယ်တွင် ရှောက်ကောထမ်းသည့် အထမ်းသမားအဖြစ် သွားရောက်လုပ်ကိုင်နေသူဖြစ်သည်။

လက်ရှိ ပူတာအိုပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရပြီး ကူညီလိုသူများအနေဖြင့်လည်း ဖုန်းနံပါတ် ၀၉၄၅၀၆၃၄၇၂၇ နှင့် ၀၉၄၅၁၀၅၈၇၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

သတင်း – May

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ