ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာအထက် သဲဝိုင်ကျေးရွာအနီးရှိ မေခမြစ်ဘေးတွင် ရိုက်သတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

မြစ်ဘေးတွင် သဲနှင့် ဖုံးထားသည့် သတ်ဖြတ်ခံထားရသော ရုပ်အလောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အာလမ်ကျေးရွာနေအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ကြားသိရသလောက်တော့ အဲ့အမျိုးသမီးက ကျင်းသားရှာတာကိုရပြီး ပြန်လာတဲ့လမ်းပေါ်မှာ ရိုက်သတ်လိုက်တယ်လို့ ကြားရတယ်။ အဲ့နေရာမှာက သွေးတွေလည်း အများကြီးတွေ့ရတယ်။ အရမ်းကြာလာတော့ သူရဲ့အမျိုးသားဖြစ်သူက လိုက်ရှာတော့ သဲပုံမှာမြုပ်ထားတာ ခြေထောက်တောင် ထွက်နေတယ်လို့ပြောတယ်။ ဟိုဘက်ကလည်း ကမန်းကတန်းလုပ်ပြီးထွက်ပြေးသွားတယ်ထင်တယ်” ဟုပြောသည်။

သတ်ဖြတ်ခံရသည့် အသက် ၄၉ နှစ်ခန့်အရွယ်ရှိ ဒေါ်အင်ခိုင်ဂျာဘရိမ်ဆိုသူမှာ အာလမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရုပ်အလောင်းပြန်လည်တွေ့ရှိချိန် ဘယ်ဘက်နားရွက်မှာလည်း ဖြတ်ခံထားရကား ဖုန်းနှင့် ငွေကျပ် ၁၀ သိန်းမှာလည်း ပျောက်ဆုံးနေကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“ခေါင်းကိုလည်းတော်တော်ရိုက်ထားပုံရတယ်။ ခေါင်းလည်းပေါက်တယ်။ ဦးနှောက်တောင်မြင်ရတယ်တဲ့။ နားမှာကရွှေနားကပ်ရှိလို့နေမှာဖြတ်သွားတာ။ အဲ့အမျိုးသမီးမှာ လက်မှာဓားမြှောင်တော့ကိုင်ထားပြီးကွေးနေပြီ။ တော်တော်ရုန်းထားပုံရတယ်။ သူမလွယ်အိတ်မှာလည်းရွှေတွေတော့ပါတယ် အဲ့တာတွေကမယူသွားနိုင်ဘူး” ဟုပြောသည်။

ဒေါ်အင်ခိုင်ဂျာဘရိမ်၏ ရုပ်အလောင်းကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆုတောင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာအုပ်စုတွင် အမျိုးသမီးတစ်ဦးကို အမျိုးသားကိုးဦးက နေအိမ်အတွင်းဝင်ရောက်ကာ ရိုက်နှက်သွားခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ