တိုက်ပွဲပြင်းထန်နေသည့် ဖားကန့်မြို့နယ်၊ ကျောက်ဖျာကျေးရွာအနီးသို့ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသူအချို့ ယမန်‌နေ့က ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသည်တင်ကားယာဉ်မောင်းနှင့် ခရီးသည်အချို့ကို လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားရာ နန့်တိန်ကျေးရွာအနီးတိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးခဲ့သည်ဟု နန့်ယားကျေးရွာမှ ရပ်မိရပ်ဖတစ်ဦး The 74 Media ကိုပြောသည်။

“လယ်ပြင်နဲ့ ၅ မိုင်၊ ၆ မိုင်ကြားက ခရီးသည်ကားတွေဆီကနေ ကားသမားတွေရော ခရီးသည်တွေကိုပါ အကုန်ခေါ်တာတဲ့။ သူတို့က လူသားဒိုင်းကာလုပ်တာပါ၊ လမ်းမကြီး တည့်တည့်ကနေ စစ်ကြောင်းထိုး ဆင်းလာတာ။ အဲ့ဖက်မှာတာဝန်ကျတဲ့ သူတွေပြောတာတော့ အလောင်းကငါးလောင်းတဲ့” ဟုပြောသည်။

ထိခိုက်သေဆုံးခဲ့သူများတွင် ပြည်သူနှစ်ဦး၊ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူအချို့ ကျန်ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိထားသူများလည်းရှိကြောင်း အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လူသားဒိုင်းကားတွေအများကြီးကျန်နေသေးတယ်။ အမျိုးသမီးတွေးလည်းပါကောင်းပါနိုင်တယ်။ ခန့်မှန်းခြေ ၄၀ လောက်ရှိမယ်ထင်တယ်။ တိုက်ခိုက်မှုတော့ တော်တော်များတယ်တဲ့ သုံးယောက်ကို တော့ KIA ဘက်က ကယ်ထုတ်ထားနိုင်ပြီးတဲ့ ဒဏ်ရာရတာတွေရှိကြတယ်တဲ့” ဟုပြောသည်။

ထို့အပြင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေစဉ် နန့်ယားကျေးရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဖားကန့် – မြစ်ကြီးနား ယာဉ်လိုင်းပြေးဆွဲနေသူ ယာဉ်မောင်းတစ်ဦး သေဆုံးခဲ့ကြောင်း အသက် ၄၅ နှစ်ခန့်အရွယ်ရှိ နန့်ယားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကားတွေက နန့်ယားဂိတ်နားမှာရပ်နေတာလေး စစ်တပ်နားဆိုတော့ အစပိုင်းတော့ နန့်ယားတပ်ကုန်းကနေ လက်နက်ကြီး ဟိုဘက်ကိုလှမ်းထုနေလို့ တောဘက်ကလည်းပြန်ပစ်လိုက်တဲ့အချိန် သေတဲ့တစ်ယောက်က ကားပြင်ထွက်ပြီးရပ်နေတာတဲ့ အဲ့ဒါကြောင့်မှန်သွားတာတဲ့” ဟုပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၅၄ နှစ်ခန့်အရွယ်ရှိ ဦးအေးလှိုင်ဆိုသူဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်၊ နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့ နံနက်တွင်လည်း ကျောက်ဖျာကျေးရွာအနီးတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံက သိရသည်။

နန့်တိမ်စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအချို့နှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦး၏ရုပ်အလောင်းတို့ကို သိမ်းဆည်းရမိခဲ့သည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ