ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်၏ ယမ်းချက်စက်ရုံအနီး ယနေ့ နံနက် ၁၁ နာရီခွဲခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ကျောက်ဖျာကျေးရွာတွင် ယမန်နေ့က KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့သို့ ပြန်ခေါက်လာချိန် ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ကျောက်ဖျာမှာ သူတို့စစ်ကြောင်းမှူးကျသွားလို့ တချို့ပြန်လှည့်လာတဲ့ကောင်တွေကို ကျွန်တော်တို့ဘက်ကနဲ့ KPDF တွေပေါင်းပြီး ပြန်ပစ်ကြတာ။ ပြီးတော့ ကျောက်ဖျာဘက်လေး ခဏက ဂျတ်နှစ်စီးနဲ့ တစ်စီးကနေ နှစ်ကြိမ်၊ နှစ်ကြိမ်လာကြဲသွားတယ်”

စစ်ကောင်စီက တပ်စွဲထားသည့် မြောက်ကုန်းနှင့် ယမ်းချက်စက်ရုံအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်သံများ ကြားနေရခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံ ကျောက်ပွဲစားတစ်ဦးကပြောသည်။

“ဒီနေ့တိုက်ပွဲဖြစ်တာက နေရာစုံတယ်ဗျ၊ လုံးခင်းရွာထဲလည်း လက်နက်သံတွေပဲ။ အခုအသံကြားနေရတာ စစ်တပ်ရှိတဲ့နေရာတွေထဲကို လက်နက်ကြီးကျတဲ့အသံတွေ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်း ထိုးနေသောကြောင့် လယ်ပြင်ကျေးရွာ၊ ၆ မိုင်အနီးတွင်လည်း ယနေ့ နံနက် ၆ နာရီခန့်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့် – မြစ်ကြီးနားလမ်းပိုင်းကို ခေတ္တလမ်းပိတ်ထားကြောင်း အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ပျားအုံကျေးရွာနေအမျိုးသားတစ်ဦးက ပြောသည်။

“စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာလို့ပြောနေကြတယ်။ ခရီးသွားတာကတော့ ဒီအချိန်မသွားသေးတာပဲ ကောင်းတယ်။ လက်နက်ကြီးတွေလည်း ပစ်နေကြတာဆိုတော့လေ။ လဝါးလမ်းနဲ့ နန့်ယားဘက်တော့ အခုပိတ်ထားတယ်” ဟုပြောသည်။

လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင်လည်း ယနေ့ နံနက်ပိုင်းက လက်နက်ကြီးပစ်ခတ်သံများ ကြားခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဖားကန့်မြို့ ကျောက်ဖျာကျေးရွာအနီးတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)၊ (KPDF) ပူးပေါင်းတပ်တို့ကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီစစ်ကြောင်းကလည်း ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများရှိသည်။

ဖားကန့်မြို့မှ နန့်တိန်သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းမှာလည်း ယမန်နေ့က ကျောက်ဖျားကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသဖြင့် စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနှင့် လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်ခံရသူနှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Pe Ti, Zami

သင့်ထင်မြင်ချက်ရေးပေးပါ