မြစ်ကြီးနားမြို့တွင် ယမန်နေ့က တစ်ရက်အတွင်း ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှု သုံးခုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်ကာ အချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စက်မှုဇုံရပ်ကွက်၊ အောင်နန်းရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့တွင် ၂၄ နာရီအတွင်း ယာဉ်တိုက်မှုသုံးခုထက်မနည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ည ရှစ်နာရီဝန်းကျင်ကဖြစ်ပွားခဲ့သော မြို့သစ်ရပ်ကွက်ဘုံကျောင်းလမ်းဆုံမှ ကားနှင့်ဆိုင်ကယ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်သူအမျိုးသား ဒဏ်ရာပြင်းထန်ကာ မေ့မြောနေကြောင်း ဧရာဝတီကရုဏာလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“မြို့သစ်ရပ်ကွက်ဘက်က ကောင်လေးတော့အခြေအနေဆိုးတယ်။ သူဘာမှသတိမရဘူးဖြစ်နေတယ်။ ဘာမှမေးလို့မရတော့ နာမည်တွေလိပ်စာအချက်အလက်တွေလည်းဘာမှမရဘူးဖြစ်နေတယ်” ဟု ပြောသည်။

ဆိုင်ကယ်မောင်းနှင်သူမှာ ခြေကျိုး၊ ဦးခေါင်းပေါက်၊ ခါးနှင့် နံရိုးထိခိုက်ဒဏ်ရာအပြင် နားမှသွေးများထွက်နေပြီး မော်ဖောင်းကျေးရွာမှဖြစ်ကြောင်းကိုသာပြန်လည်ဖြေကြားပြီး သတိပြန်လည်လာခြင်းမရှိသေးကြောင်းသူကပြောသည်။

အလားတူ စက်မှုဇုံရပ်ကွက်တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ခဲ့ပြီး အောင်နန်းရပ်ကွက် ကြည်ရတနာရွှေဆိုင်ရှေ့တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ အမျိုးသားတစ်ဦးထိခိုက်ခဲ့ကြောင်း သူကဆက်ပြောသည်။

“စက်မှုဘက်နဲ့ ကြည်ရတနာ(ရွှေဆိုင်)ရှေ့ လမ်းမကြီးပေါ်မှာလည်းဖြစ်သေးတယ်။ သူတို့ကပြင်းထန်မဟုတ်ပေမဲ့ ဒဏ်ရာတွေရသွားကြလို့ ခုကဆေးရုံမှာပို့ထားတယ်။ စက်မှုဘက်ကတော့ အမျိုးသားဖြစ်သူက မပြင်းထန်ပေမဲ့ ပေါက်သွားတဲ့နေရာတွေတော့များတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စီတာပူရပ်ကွက် ဒူဝါဇော်ရစ်လမ်း ဒေသအခေါ် ဂျပန်တံတား လမ်းရှိ ဇေယျာမင်းဆီဆိုင်ရှေ့တွင်လည်း ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနေရာတွင် သေဆုံးခဲ့သည်။

သတင်း – Zami

ပုံ – ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း။

သင့်ထင်မြင်ချက်ရေးပေးပါ