လက်ပစ်ဗုံးတစ်လုံး မတော်တဆကျကွဲခဲ့သဖြင့်  ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အရပ်သားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၈ ရက်နေ့က KIA တပ်ဖွဲ့ဝင်တစ်ဦး၏ လက်ပစ်ဗုံးမတော်တဆကျကွဲခဲ့ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ပြောရမယ်ဆိုရင် သတိမထားဂရုမစိုက်မှုကြောင့်ဖြစ်တဲ့သဘော‌ပေါ့။ စစ်သားစက်ဘီးစီးနေရာကနေ ကိုယ်ပေါ်မှာချိတ်ထားထားတဲ့ လက်ပစ်ဗုံးကျကွဲတာတဲ့။ လမ်းဘေးမှာရပ်နေတဲ့ အရပ်သား နှစ်ယောက်ကိုလည်း လာထိတာ” ဟုပြောသည်။

အဆိုပါနှစ်ဦးမှ အသက် (၅၁) နှစ်ခန့်အရွယ်ရှိ အမျိုးသားမှာ ပေါင်နှင့် ကျောကုန်း၊ အသက် (၆၇) နှစ်ခန့်အရွယ်ရှိ အမျိုးသမီးမှာ ဘယ်ဘက်တင်ပါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) က နမ့်ဖတ်ကာကျေးရွာ ဒေသခံများကို နေရပ်ပြန်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသော်လည်း နယ်မြေရှင်းလင်းရေးကောင်းစွာပြုလုပ်နိုင်ခြင်းမရှိသောကြောင့် စိုးရိမ်မှုများရှိသည်ဟု အခြားရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရှင်းလင်းရေးကို လုပ်တော့လုပ်နေကြပါတယ်။ စစ်တပ်နဲ့နီးတဲ့နေရာ တချို့မမြင်နိုင်တဲ့နေရာတွေက မသေချာသေးဘူး တော်တော်ရှိနေနိုင်သေးတယ်။ ရှင်းပြီးတာက လမ်းတွေဘက်မှာပဲပြီးသေးတဲ့သဘောပါ။ အဲ့ဒါကြောင့် ရွာပြန်ရင်အထူးဂရုစိုက်စေချင်တယ် စိုးရိမ်မှုတွေရှိနေသေးတယ်” ဟုပြောသည်။

ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ရက်ပေါင်း ၂၀ ကျော်ခန့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိုက်ပွဲအတွင်းထိခိုက်သေဆုံးခဲ့သည့် ပြည်သူတို့၏ အသေးစိတ် အချက်အလက်များကို ကောက်ယူနေဆဲဖြစ်ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်တို့က နမ့်ဖတ်ကာအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၂၃) တပ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIA ၂၈ ဦးကျဆုံးခဲ့ပြီး ငါးဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ