နေပြည်တော်တွင် ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် အာဏာသိမ်းကာလ ၆ လသက်တမ်းထပ်တိုးလိုက်သည်။

စစ်ခေါင်းဆောင်များအလိုကျရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အာဏာသိမ်းသက်တမ်း ၆ လ နှစ်ကြိမ်သာတိုးခွင့်ရှိသော်လည်း အကြောင်းပြချက်မျိုးစုံဖြင့် သက်တမ်း တိုးလာသည်မှာ ငါးကြိမ်မြောက်ရှိပြီ ဖြစ်သည်။

“အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေ ဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ နောက်ထပ် ခြောက်လတိုးမြှင့်သတ်မှတ်ကြောင်း” ကြေညာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဖွဲ့စည်းပုံတွင်ဖော်ပြထားသည့် “သာမန်အားဖြင့်” ဟူသော စကားလုံးမှ သာမန်အခြေအနေသို့ မရောက်မချင်း အကြိမ်ကြိမ်သက်တမ်းတိုးမြှင့်နိုင်သည်ဟူသော အဓိပ္ပါယ်လိုရာဆွဲယူကာ သက်တမ်းထပ်တိုးနေလိမ့်မည်ဟုလည်း ဥပဒေရေးရာကျွမ်းကျင်သူများနှင့် နိုင်ငံရေးအကဲခတ်သူများက ပြောထားသည်။

ယနေ့ကျင်းပပြုလုပ်သည့် ကာလုံအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ယာယီသမ္မ ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူနှင့် ဦးတီခွန်မြတ်တို့ပါဝင်တက်ရောက်ခဲ့ကြသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ကို နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာဝန်ကြီး စုစုပေါင်း ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ