ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလ၇ (၁၂၃) တပ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့်တိုက်ပွဲအတွင်း ကချင်လွတ်မြောက်ရေး (KIA) တပ်ဖွဲ့ဝင် ၂၈ ဦးကျဆုံးခဲ့ပြီး ငါးဆယ်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၄)၊ (၆)၊ (၁၀) နှင့် KPDF ပူးပေါင်းတပ်တို့က အဆိုပါတပ်ရင်းကို (၂၇) ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“သေဆုံးတဲ့သူနဲ့ ဒဏ်ရာပြင်းထန်ရတဲ့သူတွေကတော့ စစ်တပ်ကနေ လေကြောင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် ကျဆုံးခဲ့တာပေါ့။ စခန်းသိမ်းလိုက်တဲ့နေ့မှာ ပိုဆိုးတာပေါ့။ အဲ့ဒီနေ့ အများဆုံးပဲ လေယာဉ်ဆယ်စင်းလောက်နဲ့တောင် ဗုံးလာကြဲတာဆိုတော့ အဲ့ဒီနေ့ အကျအဆုံး တော်တော်များခဲ့တာပေါ့” ဟုပြောသည်။

KIA စစ်သည်များအပြင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ကြာင်း အသက် ၃၀ ကျော်အရွယ် မူဆယ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ဗုံးကျလို့ ကျည်ဆံတွေထိလို့ အရပ်သားပြည်သူတွေသေတာက ကိုးယောက်လို့ပြောတယ်။ ဒီနမ့်ဖတ်ကာ စစ်ပွဲအတွင်းပေါ့။ တခြား ၁၀၂၇ တိုက်ပွဲကြောင့်တော့ မဟုတ်ဘူး။ အရပ်သား ထိခိုက်ဒဏ်ရာရတာက ဆယ်ကျော်တယ်လို့ပြောတယ်။ အဲ့ဘက်က ဖုန်းလိုင်းလုံးဝမရဘူး၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

KIA ပူးပေါင်းတပ်တို့က နမ့်ဖတ်ကာအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၁၂၃) တပ်စခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

နမ့်ဖတ်ကာတိုက်ပွဲအတွင်း KIA တပ်က စစ်ကောင်စီတိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာသိမ်းပိုက်ခဲ့သည်။

စစ်ကောင်စီတပ်၏လေကြောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာကျေးရွာရှိ ဒေသခံပြည်သူ တစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Pan Soon၊ Doi Awng

သင့်ထင်မြင်ချက်ရေးပေးပါ