ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ နေအိမ်ရှေ့တွင် ယမန်နေ့ည ရှစ်နာရီဝန်းကျင်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ နေအိမ်ရှေ့မိုင်းပေါက်ကွဲမှုတွင် နေအိမ်ခြံစည်းရိုးအုတ်တံတိုင်းနှင့် မျက်နှာချင်းဆိုင်ရှိ နေအိမ်၏ ခြံကာထားသည့် သွပ်များပျက်စီးသွားသည်ဟု နီးစပ်သူအမျိုသားတစ်ဦးက The 74 Media ကိုပြောသည်။

“ပေါက်ကွဲမှုဖြစ်တာက ဒူကဘာတို့အိမ်ရဲ့ အိမ်ရှေ့အုတ်တံတိုင်းမှာဖြစ်တာ။ အိမ်ရှေ့အုတ်တံတိုင်းတော့ပေါက်ထွက်သွားတာ။ မျက်နှာချင်းဆိုင်အိမ်က ခြံကာထားတဲ့ သွပ် ၅ ချပ်က လန်ထွက်သွားတယ်” ဟုပြောသည်။

အမည်မသိအမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီးနောက် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသူ အမျိုးသားသတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“အုတ်နဲ့လုပ်ထားတဲ့ ခြံစည်းရိုးပေါ်မှာ ဆိုင်ကယ်နဲ့ ဗုံးလာထားတာ သိပ်မကြာဘူး ပေါက်ကွဲလာတာ။ ခြံစည်းရိုးနည်းနည်းပါးပါးပျက်စီးသွားတယ်။ ဗုံးလာထားသွားတဲ့ နှစ်ယောက်က ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်လို့ ယူဆရတယ်” ဟုပြောသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ နေအိမ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ (၂၇) ရက်နေ့ ည ၁၁ နာရီခန့်က စားသောက်ပွဲကျင်းပနေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် အရာရှိနှစ်ဦးအပါအဝင် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Zami

Photo Credit – manau voice

သင့်ထင်မြင်ချက်ရေးပေးပါ