ဖားကန့်မြို့နယ်တွင် ဒေသခံပြည်သူများနေထိုင်သည့် ကျေးရွာအတွင်း လာရောက်စွန့်ပစ်ထားသည့် မြေစာပုံ အလွန်မြင့်လာသဖြင့် ပြိုကျလာမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

အေးမြသာယာအုပ်စု ရှရော်ခကျေးရွာနှင့် မျောက်ဖြူကျေးရွာအကြားတွင် ကျောက်စိမ်းကုမ္ပဏီများက လာရောက်စွန့်ပစ်နေခြင်းဖြစ်ပြီး မိုးရွာလျှင် ကျေးရွာအတွင်း ပြိုကျဝင်ရောက်လာမည်ကို စိုးရိမ်နေသည်ဟု ရှရောခကျေးရွာနေ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“နွံကန်ပေါက်ခဲ့တုန်းက တစ်အိမ်ကိုငါးသိန်းဆိုပြီး လျော်ကြေးမတန်မရာပေးခဲ့တာကို အခုထိမှတ်မိနေတုန်းပဲ။ အခုလည်း ဘယ်အချိန်ပြိုကျလာမလဲ စောင့်ကြည့်နေရုံကလွဲရင် ဘယ်သူ့မှာတာဝန်ရှိနေလည်း အခုထိ မသိရဘူးလေ။ အထက်ခွင့်ပြုချက်နဲ့ လုပ်နေတာလိုတော့ပြောနေကြတယ်” ဟုသူကပြောသည်။

ရှရောခကျေးရွာသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း MEC ခေါ် ကျောက်စိမ်ကုမ္ပဏီရှိ လုပ်ကွက်နွံကန် ပေါက်ကျခဲ့သောကြောင့် အိမ်ခြေတစ်ရာကျော်ပျက်စီးခဲ့ရသည်။

အထက်မှခွင့်ပြုထားသည်ဟုဆိုကာ မြေစာလာသွန်နေခြင်းဖြစ်ပြီး ဒေသခံများက ကန့်ကွက်မှုများ ပြုလုပ်လိုသော်လည်း မရဲကြောင်း အသက် ၅၃ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ရွာကိုများဖို့နေသလားလို့တောင် ထင်ရတယ်။ ရွာရဲ့ဘေးပတ်ပတ်လည်ကို စွန့်ပစ်မြေစာတွေ ဝိုင်းဖိုနေကြတာ။ အဲ့မြေစာတွေ ပြိုကျကြည့် ဘယ်သူကတာဝန်ယူမလဲ။ ရပ်ကွက်လူကြီးတွေကအစ နှုတ်ပိတ်နေကြမှတော့ ဘယ်သူမှမတားရဲဘူး” ဟုပြောသည်။

ဒေသခံပြည်သူများက ရွာအနီးတွင် ယခုကဲ့သို့မြေစာများလာရောက်စွန့်ပစ်နေခြင်းကို အမြန်ဆုံး ရပ်တန့်ပေးစေလိုပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနစ်၊ ဇွန်လက ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများကို သွားရောက်ပြောဆိုခဲ့သော်လည် အထက်ကခွင့်ပြုသောကြောင့် လုပ်ရခြင်းဖြစ်သည်ဟုသာ ပြန်လည်ပြောဆိုခဲ့သည်ဟု ဒေသခံများထံကသိရသည်။

လက်ရှိမြေစာပုံမှာ ပေ ၃၀၀ ခန့်အမြင့်သို့ရောက်ရှိနေပြီဖြစ်ပြီး တစ်ရက်လျှင် ကားအစီးရေ (၅၀) ကျော်ခန့် လာရောက်စွန့်ပစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း ဖားကန့်မြို့ ၊ ဆန်ခါကျေးရွာရှိ တောက်ပကြယ်ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ နွံကန်ပေါက်ကျခဲ့သောကြောင့် အနီးတစ်ဝိုက်တွင် နွံများဖုံးလွမ်းသွားပြီး ဆိုင်ကယ်နှင့် ဈေးဆိုင်များ ရေစီးနှင့်အတူမျောပါသွားကြောင်းသိရသည်။

သတင်း – Ve

သင့်ထင်မြင်ချက်ရေးပေးပါ