စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး၏ ဝိုင်းမော်မြို့နယ်ရှိနေအိမ်တွင် စားသောက်ပွဲကျင်းပနေချိန် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသောကြောင့် ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးလစားခေါင်ဒေါင်၏ နေအိမ်တွင် ပြီးခဲ့သည့် ဇန်နဝါရီ (၂၇) ရက်နေ့ ည ၁၁ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူနှင့် ဦးရွှေမင်းပြည်သူ့စစ်မှ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“စားသောက်ပွဲလုပ်နေကြတာ လော်ဝေါ်ပြည်သူ့စစ်ခေါင်းဆောင်အိမ်မှာ၊ ဦးရွှေမင်းပြည်သူ့စစ်အရာရှိ တစ်ယောက်လည်းလာတယ် လုံခြုံရေးလည်းချထားကြပါတယ်။ လော်ဝေါ်ပြည်သူ့စစ် ခေါင်းဆောင်ရဲ့သားလည်းထိတယ် သူလည်းပြည်သူ့စစ်ပဲ” ဟု ပြောသည်။

အင်အား ၂၀ ကျော်ခန့် လုံခြုံရေးချထားသည့်ကြားမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဦးရွှေမင်းပြည်သူ့စစ်မှ အရာရှိဆိုသူမှာ လက်ကျိုး၊ ဦးလစားခေါင်ဒေါင်မှာ မျက်နှာနှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ ခြေလျင်တပ်ရင်း ခ.လ.ရ (၃၂၁) တွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပစ်ခတ်ခံရသည့်နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလာရောက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ဦးလစားခေါင်ဒေါင်သည် ဝိုင်းမော်ဒေသတွင် ပြည်သူ့စစ်ဖွဲ့စည်းရန် ဦးရွှေမင်းက ထောက်ပံ့ထားသူများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကျန် ၁၀ ဦးခန့်မှာလည်း လက်ရှိ စစ်ကောင်စီတပ်တွင် ပုန်းခိုနေကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာတွင်လည်း အဆိုပါ ၂၇ ရက်နေ့က တိုက်ပွဲတွင်သေဆုံးခဲ့သူ၏ ရုပ်အလောင်း လာရောက်ကောက်ယူသည့် စစ်ကောင်စီတပ်ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“မနက်ပိုင်းက တိုက်ပွဲဖြစ်လို့ သေသွားတဲ့အလောင်းတစ်လောင်းကို ညနေပိုင်းမှာပြန်လာကောက်ကြတာ အဲ့အချိန်ပြန်ပစ်ကြတာ သူတို့ရဲ့အုပ်ကြီးတစ်ကောင်ထိတယ်လို့ကြားတယ် ၃၂၁ က ဗိုလ်မူးအဆင့်ရှိလို့တော့ ကြားတယ် နာမည်တွေ‌တော့ မသိရသေးဘူး ကျွန်တော်တို့လည်း စုံစမ်းနေဆဲ” ဟုပြောသည်။

ပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်း လုံခြုံရေး ပိုမိုတင်းကြပ်ရမည်ဟု ဦးရွှေမင်းပြည်သူ့စစ်အရာရှိတစ်ဦးကပြောကြောင်း ဒေသခံများက ပြောသည်။

ဝိုင်းမော်မြို့နယ်တွင် ယခုလအတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲများပြန်လည်ပြင်းထန်မည်ကို ဒေသခံပြည်သူများက စိုးရိမ်ပူပန်နေကြသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ