စစ်ကောင်စီကပစ်ခတ်သည့် လက်နက်ကြီးကြောင့် မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် သုံးရက်အတွင်း အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်းလေးဦးသေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အမှတ် (၃၈၅) အမြောက်တပ်က ယနေ့နံနက် ၉ နာရီခွဲခန့်တွင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့ရာ ညောင်ပင်သာကျေးရွာ စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု နန်းမားဒေသခံအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့မနက်က နန်းမားဟိုဘက် မိုးညှင်းဘက်အထွက်မှာ နန့်စော်လော်ရွာသား မိုးညှင်းဘက် စက်ပစ္စည်း သွားဝယ်ရင်းနဲ့ ဆိုင်ကမ်းမောင်းရင်းထိသွားတာ။ ဆိုင်ကယ်နောက်မှာထိုင်တဲ့သူကတော့ မသေဘူး။ ထိခိုက်ဒဏ်ရာ ရသွားတာပေါ့” ဟုဆိုသည်။

ညောင်ပင်သာကျေးရွာရှိ နေအိမ်တစ်ခုတွင်လည်း ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေ ၅ နာရီခန့်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၅ နှစ်ခန့်အရွယ်ရှိကလေးနှင့် မိခင်ဖြစ်သူသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ကျေးရွာဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ညောင်ပင်သာရွာထဲကိုကျတဲ့အချိန် မိသားစုထမင်းစားနေတဲ့အချိန် ဒေါ်နွယ်နွယ်ဦးဆိုတဲ့ တစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတာ။ သူ့ကလေးနှစ်ယောက်က မိုးညှင်းဆေးရုံကို ရောက်သွားတာ။ ဆေးရုံရောက်ပြီးတော့မှ တစ်ယောက်ပြန်သေတာ” ဟုဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က တောင်အင်းကျေးရွာနှင့် ကသဲကုန်းကျေးရွာ လယ်တောထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွင် အမျိုးသားတစ်ဦး ဆီးခုံတွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး မိုးညှင်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

နန်းမားအခြေစိုက် စစ်ကောင်စီအမြောက်တပ်က နှစ်ရက်အတွင်း လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်ခဲ့ရာ ညောင်ပင်သာ၊ ညောင်လေးပင်၊ တောင်အင်း၊ ကသဲကုန်းစသည့် ကျေးရွာများသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦးခန့် ထိဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

နန်းမားမြို့၊ ညောင်လေးပင်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၄၃ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ