မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း ယမန်‌နေ့ ညနေ ၆ နာရီခွဲခန့်က ကားတစ်စီးခိုးယူခံခဲ့ရကြောင်းသိရသည်။

စီတာပူရပ်ကွက် နယ်မြေ (၅) ရှိ စိန်ပတ်ထရစ်ကက်သလစ်ဘုရားကျောင်းရှိ ဘုန်းကြီးဆရာတော်၏ ကားကို အသက် (၄၀) ကျော်ခန့်အရွယ်ရှိ အရပ်အမောင်းကောင်းကောင်းနှင့် အမျိုးသားတစ်ဦးက ခိုးယူမောင်းပြေးသွားခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဖာသာရ်ရဲ့ အိမ်အောက်မှာ ကားသုံးစီးထားထားတာ အဲ့ထဲကမှ ဖာသာရ်ရဲ့ကားကို မောင်းပြေးသွားတာ အသားဖြူဖြူနဲ့ဟုတ်တယ်။ ဘုရားကျောင်းဝင်းတံခါးနားရောက်တော့ အရှိန်နဲ့မောင်းပြေးတော့အဲ့ချိန်မှ သူခိုးမှန်းသိတာလေ။ အရင်ကဆိုရင် ကားပြင်စရာတွေလိုရင် ရဟန်း (WaJau)  ရဲ့အမျိုးတွေ မဟုတ်ရင် တစ်ယောက်ယောက်ကလာယူတာမျိုးရှိတော့ ကျွန်တော်တို့လည်း သတိမထားလိုက်မိဘူး” ဟု ပြောသည်။

ကားလာရောက်ခိုးယူစဉ် ဘုရားကျောင်းဝင်ရှေ့တွင်လည်း ကားတစ်စီးဖြင့် အမျိုးသားနှစ်ဦး စောင့်ဆိုင်းနေကြောင်း သူကပြောသည်။

ခိုးယူခံခဲ့ရသောကားမှာ Honda Fit အမျိုးအစား နံပါတ် (8G-1145) နှင့်ခဲရောင်ဖြစ်ပြီး ကားရှေ့မှန်တွင် ကက်သလစ်အသင်းတော်ဟူသော စာသားပါရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စီတာပူနယ်ထိန်းရဲစခန်းတွင် တိုင်ကြားထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က နာရေးကူညီမှုအတွက်အသုံးပြုသည့် သတ္တမနေ့အသင်းတော်ပိုင် တိုယိုတာ၊ အာလ်ဖတ် (Alphard) အမျိုးအစားကားတစ်စီးကို ဘုရားကျောင်းဝန်းအတွင်း လူမရှိစဉ် ခြံဝန်းတံခါးသော့များရိုက်ဖျက်ကာ ခိုးယူခံခဲ့ရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ