တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသော ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင် ရေးသားဖော်ပြနေသော်လည်း မြေပြင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

စစ်ကောင်စီပူးပေါင်းတပ်များက ရွှေပြည်အေးမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း တော်လှန်ရေးအင်အားစုများက မြို့ကိုထိန်းချုပ်ထားဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“လေကြောင်းပစ်ကူ လက်နက်ကြီးပစ်အားနဲ့ သိမ်းနိုင်ဖို့ကြိုးစားလာတာပါ။ ကျွန်တော်တို့ဖက်က မြို့ကို ဆက်လက်ထိန်းချုပ်ထားပါတယ်။ တိုက်ပွဲကလက်ရှိအချိန်ထိ ပြင်းထန်နေတယ်လို့ပြောလို့ရတယ်။ ထိုးစစ်ဆင်လာတာကတော့ စစ်ကောင်စီနဲ့ SNA တွေပဲတော့ မဟုတ်ဘူး၊ ပျူတွေလည်းပါတယ်။ အင်အားဘယ်လောက်များလဲဆိုတာက ပွဲပြီးမှ ကျွန်တော်တို့ ထုတ်ပြန်ပါ့မယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရွှေပြည်အေးမြို့အတွင်း ဝင်ရောက်လာသောကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ပြန်လည်ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။

“မြို့ထဲဝင်တာနဲ့ ထိန်းချုပ်နိုင်ပြီလို့ တန်းတင်တာပဲလေ။ နှစ်ဦးနှစ်ဖက်တိုက်ပွဲပြင်းထန်နေတုန်းပဲ။ လေကြောင်းတိုက်ခိုက်မှုကတော့ ဂျက်ဖိုက်တာနဲ့ ချလိုက် MI 2 နဲ့ပတ်ချလိုက်လုပ်နေတယ်။ ဂျက်ဖိုက်တာတောင် ရွှေပြည်အေးမှာ အခုနောက်ပိုင်း ပေါင်း ၅၀၀ ဗုံးတွေပဲသုံးနေတာ” ဟုပြောသည်။

စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင် ရွှေပြည်အေးမြို့ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြန်လည်ထိန်းချုပ်နိုင်ပြီး ကောလင်းမြို့ကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရေးသားဖော်ပြထားသည်။

ဟုမ္မလင်းမြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ဖုန်းလိုင်းများ ပြတ်တောက်နေသည်။

ရွှေပြည်အေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ