ခွေးဟောင်သည့်ကိစ္စဖြင့် စကားများရန်ဖြစ်ပြီး ဓားထိုးသတ်ဖြတ်မှုတစ်ခု ဖားကန့်မြို့နယ် မှော်ဝမ်းကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဈေးအနီးတွင် မိုးကာတဲထိုးကာနေထိုင်သည့် အမျိုးသားတစ်ဦးက ခွေးဟောင်သဖြင့် ခဲနှင့်ပေါက်သည့် လမ်းသွားလမ်းလာတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦး The 74 Media ကိုပြောသည်။

“ဖိုးသမားက ခွေးအရမ်းချစ်တာ သူကခွေးနဲ့ပဲနေတော့ သူ့ခွေးကဟောင်လာလို့ ဟိုဘက်ကခဲနဲ့ပေါက်လို့ ရန်ဖြစ်ကြတာတဲ့။ အဲ့ဒါနဲ့ ဖိုးသမားကစိတ်တိုလာလို့ ဓားနဲ့လည်းပင်မှာထိုးထည့်လိုက်ပြီး နားထင်ဘက်ကနေ ဆွဲလှည့်လိုက်တာတဲ့။ အဲ့ဒါကြောင့်လည်းနေမယ် တစ်ခါတည်းအဲ့မှာတင်သေသွားတာတဲ့” ဟု ပြောသည်။

သေဆုံးသူ အသက် ၃၅ နှစ်ခန့်အရွယ်အမျိုးသားမှာ ဆိုင်းငိုင်ကျေးရွာဒေသခံဟု ကနဦးသိရပြီး မွန်းလွှဲ ၁၂ နာရီခွဲခန့်တွင် လူမှုကူညီရေးအသင်းများက ရုပ်အလောင်းကို လာရောက်သယ်ယူသွားကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်လည်းဖြတ်သွားရင်းနဲ့ပဲမြင်ခဲ့တာပါ။ သူများပြောတာကြားသလောက်တော့ ခွေးဟောင်လို့စကား များရန်ဖြစ်ကြတာတဲ့ လမ်းဘေးဈေးနားမှာ မိုးကာနဲ့တဲထိုးနေတဲ့ ဖိုးသမားနဲ့ လမ်းသွားတဲ့ ချင်းကလေးနဲ့ စကားများရန်ဖြစ်ပြီး ချင်းကလေးကိုဓားနဲ့ထိုးသတ်မိတာတဲ့” ဟု ပြောသည်။

လူသတ်မှုကျူးလွန်ခဲ့သူမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ဝမ်းဗိုက်နှင့် ပုခုံးတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မှော်ဝမ်းလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဓားဒဏ်ရာတော့များတယ်။ မသေမချင်း သတ်ထားတာ။ သတ်ခံရတဲ့သူက ဘောလုံးဂျာစီနဲ့ပဲ။ မီးသင်္ဂြိုဟ်ဖိုတော့ စီစဥ်နေကြပြီ” ဟုပြောသည်။

ဖားကန့်မြို့၊ လုံးခင်းအုပ်စု မလန်းကျေးရွာတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည့်အမျိုးသားတစ်ဦးရုပ်အလောင်းကို တွေ့ရှိခဲ့သည်။

သတင်း – Zami, Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ