မုန့်ကျွေးမည်ဟုဖျားယောင်းကာ အသက်လေးနှစ်ခန့်အရွယ်ရှိ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သည့် မြစ်ကြီးနားမြို့မှ အမျိုးသားတစ်ဦးကို ထောင်ဒဏ် (၁၀) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

သက်ငယ်မုဒိန်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့သည့် အသက် (၆၈) နှစ်ခန့်အရွယ် ဦးသိန်းအောင်ဆိုသူကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က မြစ်ကြီးနားခရိုင်တရားရုံးတွင် ပုဒ်မ ၃၇၆/၅၁၁ (အဓမ္မပြုကျင့်ရန်အားထုတ်မှု) ဖြင့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုတွင်လိုက်ပါကူညီဆောင်ရွက်သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ အဲ့အမျိုးသားဘက်ကအမျိုးတွေက ခါတိုင်းလိုပဲ မုန့်တွေနဲ့တောင်းပန်ပြီးပိတ်ဖို့လုပ်တာ။ အမှုခက်နေတာက ကျူးလွန်သူဘက်က မပါဝင်ပေးလို့ ဒါတောင်မကသေးဘူး အဲ့ဘက်က ဘာသာရေးဆရာတွေအထိ လိုက်ကာကွယ်ပေးနေလို့ အခုမှချမှတ်နိုင်တာဟုတ်တယ်” ဟုပြောသည်။

အသက် ၄ နှစ်ခန့်အရွယ် မိန်းကလေးကို လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့က အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပြီး သုံးရက်အကြာတွင် ပ.လ.န အမှတ် (၃) ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားနိုင်ခဲ့ပြီး  တစ်နှစ်ခန့်အကြာတွင် ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးသိန်းအောင်မှာ ယခုကဲ့သို့ ဖြစ်စဉ်မျိုး နှစ်ကြိမ်ကျူးလွန်ခဲ့ဖူးသူဖြစ်ပြီး ထီဝန်းရပ်ကွက်တွင်နေထိုင်ကာ အိမ်ထောင်သုံးဆက်ရှိသူဖြစ်သည်။

၂၀၁၉ ခုနှစ်က ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ တွင် အသက် ၁၂ နှစ်အောက်အရွယ် ကလေးကို သက်ငယ်မုဒိမ်းမှုကျုးလွန်သည်ဟု ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ပူတာအိုမြို့၊ မြို့မရပ်ကွက်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလက အသက် (၁၂) နှစ်ခန့်အရွယ်ရှိ မိန်းကလေးကို အသက် (၄၈) နှစ်ခန့်အရွယ်ရှိ ပထွေးတော်စပ်သည့် ဦးဌေးဝင်းဆိုသူက အဓမ္မမှု အကြိမ်ကြိမ်ကျူးလွန်သောကြောင့် ပူတာအိုခရိုင်တရားရုံးတွင် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ