တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ယမန်နေ့ နေ့လယ် တစ်နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ဒရူကျေးရွာရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ – ၈၆) တပ်စခန်းကို ဇန်နဝါရီလ ၇ ရက်နေ့နံနက်ကစတင်တိုက်ခိုက်ရာမှ ယမန်နေ့က အပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA အရာရှိတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လောက်သေတာတော့မသိဘူး။ တော်တော်လေးသေတာတွေ တွေ့ရတယ်လို့ပြောတယ်။ သွေးတွေ၊ ပတ်တီးတွေ၊ ဆေးထိုးအပ်တွေ တွေ့ရတယ်။ အသေးစိတ်တော့မသိရဘူး” ဟုပြောသည်။

တနိုင်းချောင်း စက်လှေဆိပ်တည်ရှိရာ ဒရူကျေးရွာကို KIA တပ်မဟာ (၂) ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်သုံးစီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA တပ်မဟာ (၂)အရာရှိတစ်ဦးကဆက်ပြောသည်။

“အဲ့လေယာဉ်ဗုံးလာချတဲ့အချိန် စစ်ကောင်စီစစ်သားတွေထွက်ပြေးသွားတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ဘက်က ၂၈ ရက်နေ့မှာ အပြီးအပိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်” ဟုပြောသည်။

စစ်ကောင်စီတပ်စခန်းကို ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကို အတည်ပြုပြောဆိုသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးပါ။

၂၀၁၄ သန်းခေါင်စာရင်းအရ တနိုင်းမြို့နယ် ဒရူ(တလူး)ကျေးရွာအုပ်စုတွင် အိမ်ထောင်စု ၁၀၀ ကျော်၊ လူဦးရေ ၄၀၀ ကျော် နေထိုင်ပြီး ယခုအချိန် ရွှေတူးဖော်သူများနေထိုင်သောကြောင့် လူဦးရေတစ်ထောင်နီးပါးနေထိုင်ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ