ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ နံနက် ကိုးနာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဒေသအခေါ် ကိုက်ထိပ်စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။

“ကိုက်ထိပ်က မနေ့ကနေတိုက်နေတာ ဒီမနက်တော့ အရှင်းဖြစ်ပြီ။ နယ်မြေရှင်းလင်း‌ရေးလုပ်နိုင်ခဲ့ပြီလို့ သတင်းရတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟုပြောသည်။

KIA တပ်မဟာ (၃) က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ကွန်ကရစ်များဖြင့် အခိုင်အမာတည်ဆောက်ထားသောစခန်းဖြစ်ကြောင်း ရှေ့တန်းတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် KIA တပ်ဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“အခုသိမ်းလိုက်တဲ့ (စစ်ကောင်စီ)စခန်းကုန်းက အမှန်ကန်လုပ်ထားတဲ့ စခန်းကုန်း။ ကာကင်း သုံးကင်းရှိတယ်တဲ့။ ဘန်ကာတွေက ကွန်ကရစ်နှစ်ထပ်၊ သုံးထပ်လုပ်ထားတာ” ဟုပြောသည်။

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရှိရသေးပါ။

မံစီမြို့နှင့် မိုင် ၃၀ ခန့်အကွာတွင်တည်ရှိသည့် ကိုက်ထိပ်တွင် ပြည်သူများနေထိုင်ခြင်းမရှိတော့ကြောင်း မံစီဒေသခံများထံကသိရသည်။

ယခုရက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်ကချင်လွတ်မြောက်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ယမန်နေ့ကလည်း တနိုင်းမြို့နယ် တရူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မံစီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း  ကချင်လွတ်မြောက်ရေးတပ် (KIA) က သုံးရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ခန့် ဖမ်းဆီးခဲ့မိခဲ့သည်။

သတင်း – Nann, Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ