သိုင်းပေါင်းစုံ (MMA) ကစားသမား အောင်လအင်ဆန်နှင့် One Championship တို့ စာချုပ်သစ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

One Championship နှင့် စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း အောင်လအင်ဆန်၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က အသိပေးဖော်ပြခဲ့သည်။

“One Championship ဟာ ကျွန်တော်ရဲ့ MMA ခရီးလမ်းကို စတင်လျှောက်လှမ်းခဲ့တဲ့နေရာဖြစ်ပြီး ကျွန်တော်ရဲ့ ပြီးဆုံးမည့်ပန်းတိုင်နေရာလည်း ဖြစ်တယ်၊ ကျွန်တော်ရဲ့ရွှေခါးပတ်ပြန်လည် ဆွတ်ခူးနိုင်ဖို့အတွက်ကျွန်တော်အဆင်သင့်ပဲဗျာ” ဟု အောင်လအင်ဆန်က ၎င်း၏ ဖေ့စ်ဘုတ်လူမှုကွန်ယက်တွင် ရေးသားထားသည်။

အသက် ၃၈ နှစ်အရွယ် အောင်လအင်ဆန်၏ MMA မှတ်တမ်းအရ တရုတ်ဖိုက်တာ ဖန်ရောင်နှင့် နောက်ဆုံးထိုးသတ်ခဲ့သည့် ပွဲအပါအဝင် စုစုပေါင်း ၄၄ ပွဲထိုးသတ်ခဲ့ရာတွင် ၃၀ ပွဲနိုင်၊ ၁၃ ပွဲရှုံး၊ တစ်ပွဲဖျက်သိမ်းရလဒ်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ချန်ပီယံခါးပတ်နှစ်ခုစလုံးကို လက်လွတ်ဆုံးရှုံးထားရသည့် အောင်လအင်ဆန်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလက တရုတ်ဖိုက်တာ ဖန်ရောင်နှင့်ထိုးသတ်ပွဲအပြီးတွင် One Championship နှင့် ချုပ်ဆိုထားသည့် စာချုပ် တမ်းကုန်ဆုံးခဲ့ပြီးနောက် စာချုပ်သစ်ချုပ်ဆိုရန် ကြန့်ကြာခဲ့သောကြောင့် မြန်မာပရိတ်သတ်များအကြား ဝေဖန်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ