ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က ယခုရက်ပိုင်းအတွင်း ပူတာအိုမြို့အတွင်း စစ်ဆေးရေးဂိတ်များဆောက်လုပ်နေပြီး နေရာအချို့တွင်နေရာယူ စစ်ဆေးမှုများပြုလုပ်လာကြောင်း သိရသည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်နှင့် ဂျူပလီကျေးရွာကြားရှိ ကောင်းမှုလုံဘုရားသို့သွားသောလမ်းခွဲတွင် ယခုအပါတ်မှစတင်ကာ ဝါးတားဂိတ်ပြုလုပ်ကာ စတင်စစ်ဆေးလာသည်ဟု အသက် (၂၀) နှစ်ခန့်အရွယ်ရှိ လေယာဉ်ကွင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက The 74 Mediaကို ပြောသည်။

“ဂိတ်ကတော့အကြီးကြီးလုပ်မယ့်ပုံပဲ၊ သဲအိတ်တွေနဲ့လုပ်ထားတယ်။ ပုံစံကြည့်ရတာကတော့ မူလာရှီးဒီဂိတ်ပုံစံလုပ်မယ်ထင်တယ်။ ဆိုင်ကယ်တူးဘောက်တွေအကုန်ဖွင့်ခိုင်းပြီး စစ်တာ၊ ဖုန်းတွေလည်း အကုန်စစ်တယ်။ မှတ်ပုံတင်တွေမေးပြီးတော့ လွယ်အိတ်တို့ဘာတို့လည်းစစ်တယ်” ဟုပြောသည်။

အဆိုပါလမ်းခွဲတွင် ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်စခန်းတည်ရှိပြီး တပ်စခန်းအနီးတွင် ဝါးတားဂိတ်နှင့် ကင်းတဲထပ်မံဆောက်လုပ်ထားခြင်းဖြစ်သည်။

မချမ်းဘော့ကြိုးတံတားအောက်ရှိ နောင်ခိုင်စက်လှေဆိပ်တွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်ကာ သဲအိတ်များဖြင့် ဂိတ်တဲဆောက်ကာ ခရီးသွားပြည်သူများကို စစ်ဆေးခြင်း၊ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြောင်း စက်လှေမောင်းနှင်းသူအမျိုးသားတစ်ဦးက ပြောသည်။

“ခရီးသည်တွေကိုလည်း စစ်ဆေးတာတွေလုပ်တယ်။ သူတို့အဲ့ဂိတ်မှာ အဲ့လိုတွေစစ်တာတွေလုပ်နေတာက မလွတ်လပ်ဘူး၊ တစ်ခုခုကိုစိတ်ပူနေရသလိုခံစားရတယ်။ အခုချိန်ထိတော့ သူတို့ရှိလို့ ထူးခြားသွားတာမျိုးတော့မရှိသေးဘူး” ဟုပြောသည်။

အဆိုပါဂိတ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် အင်အားနှစ်ဦးမှဆယ်ဦးအထိ စောင့်ဆိုင်းလေ့ရှိကြောင်း ဒေသခံများထံကသိရသည်။

ထို့အပြင် ပူတာအိုမြို့နယ်နှင့် နောင်မွန်းမြို့နယ်ကြားရှိ မဂွေဇကျေးရွာတွင်လည်း ခေါင်လန်ဖူးဌာနေပြည်သူ့စစ်က ဖြတ်သွားဖြတ်လာ ပြည်သူများကို တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်လေ့ရှိကြောင်း သိရသည်။

ပူတာအိုဒေသအတွင်းရှိ ရဝမ်နှင့် လီဆူလူမျိုးစုတို့ကို ပြည်သူ့စစ်တပ်ဖွဲ့များက အပြိုင်အဆိုင် စည်းရုံးရေးပြုလုပ်ရန် စစ်ကောင်စီတပ်က လှုံ့ဆော်နေခြင်းသည် လူမျိုးစုအချင်းချင်းကြား လူမျိုးရေးပြဿနာ ဖန်တီးနေခြင်းဖြစ်သည်ဟု အသက် ၂၆ နှစ်ခန့်အရွယ်ရှိ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေက ရန်တိုက်ပေးနေတယ်လို့ထင်တယ်။ ပြည်သူ့စစ်အင်အားများတဲ့သူက ပူတာအိုကိုအုပ်ချုပ်တာက သူ့တို့ (စစ်ကောင်စီ)ဘက် အင်အားပိုပြီးများလာအောင်လုပ်တာ။ ပြီးတော့ လူမျိုးကြားမှာလည်း ပါဝါတွေရှိလာတော့ အချင်းချင်းကြား လူမျိုးရေးပဋိပက္ခဖြစ်လာမယ်။ စစ်ကောင်စီရဲ့ အနေအထားကဒိုင်စားပေါ့ လူမျိုးရေးကိုရှုပ်သွားအောင် လုပ်လိုက်တာ” ဟုပြောသည်။

လက်ရှိစစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များကို ဒေသခံလူငယ်အများစုက ထောက်ခံခြင်းမရှိဘဲ အဓမ္မ တပ်သားစုဆောင်းရေးပြုလုပ်လာမည်ကို စိုးရိမ်သောကြောင့် အခြားမြို့သို့တိမ်းရှောင်သူများလည်းရှိကြောင်း ဒေသခံများထံက သိရသည်။

ယခုရက်ပိုင်းအတွင်း ပူတာအိုမြို့နယ်ရှိ ရဝမ်လူမျိုးစုများ အများဆုံးနေထိုင်သည့် ဇီးအွန်ကျေးရွာ၊ အထက်ဆန်ဂေါင်ကျေးရွာ၊ အောက်ဆန်ဂေါင်ကျေးရွာနှင့် ဒုတ္တန်ရပ်ကွက်တို့တွင် ရဝမ်လူမျိုးများ၏ ဒေသကာကွယ်ရေးအတွက်ဟုဆိုကာ အဓိကထား လိုက်လံစည်းရုံးနေမှုများပြုလုပ်နေကြောင်း သိရသည်။

မြစ်ကြီးနား – ပူတာအိုလမ်းမကြီးပေါ်ရှိ ပူတာအိုမြို့မှ ဆွမ်ပီယာန်ကျေးရွာအထိ လီဆူလူမျိုးများ၏နယ်မြေအဖြစ် သတ်မှတ်ပြီး ဖတ်မာနှင့် လုံရှာယာန်ကျေးရွာကြား စခန်းချနေထိုင်ရန် စစ်ကောင်စီဗျူဟာက ခွင့်ပြုပေးထားပြီဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း လီဆူပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ရန် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လိုက်လံစည်းရုံးနေသည်။

ခေါင်းလန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ဌာနေပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – May

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ