တိုက်ပွဲများဆက်လက်ပြင်းထန်နေသည့် ကချင်ပြည်နယ်ဒေသအချို့တွင် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများရှိနေပြီး လူမျိုးအခြေပြုပစ်မှတ်ထားတိုက်ခိုက်မှုများလုပ်ဆောင်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများ ထွက်ပေါ်လာသည်။

လူမျိုးရေးသွေးထိုးလှုံ့ဆော်သည့်ရေးသားမှုများကို ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ရှမ်းနီဒေသတရားစီရင်ရေးအဖွဲ့ (SNAJ) အမည်ဖြင့်လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုအသွင်ဆောင်သည့်စာများ ရေးသားဖြန့်ဝေနေခြင်းဖြစ်သည်။

ထိုသို့ရေးသားနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ရှမ်းနီလူမျိုးများအပေါ် မတရားဖိနှိပ်ဗိုလ်ကျမှုများကို မခံမရပ်နိုင်သောကြောင့် ပေါ်ပေါက်လာရသည့် အဖွဲ့အစည်းဖြစ်ပြီး ရှမ်းနီလူမျိုးများပေါ် မတရားပြုလုပ်လာပါက ပြန်လည်လက်တုံ့ပြန်သွားမည်ဟု The 74 Media ကိုပြောသည်။

“ကျွန်တော်တို့အဖွဲ့က နိုင်ငံရေးပါတီလည်းမဟုတ်သလို စစ်တပ်လည်းမဟုတ်ဘူးပေါ့။ ဘယ်အဖွဲ့အစည်းရဲ့ နောက်ခံမှ ကျွန်တော်တို့မယူထားဘူး။ KIA ရဲ့ ကျွန်တော်တို့လူမျိုးတွေအပေါ် အတင်းအဓမ္မလုပ်တာတွေ၊ လူသစ်စုဆောင်းတာတွေ၊ ဆပ်ကြေးကောက်တာတွေ အဲဒါတွေကို မခံမရပ်နိုင်ဖြစ်လို့ ဒေသခံရှမ်းနီတွေ ရှမ်းလူမျိုးတွေစုစည်းပြီးတော့ လူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ သူတို့က ကျွန်တော်တို့ အရပ်သားကိုထိရင် ကျွန်တော်တို့ကလည်း သူတို့အရပ်သားကိုထိပြီးတော့ တုံ့ပြန်မှာ” ဟုဆိုသည်။

အဆိုပါ လူမှုကွန်ရက်စာမျက်နှာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ကချင်အမျိုးသားတစ်ဦးကို ရိုက်နှက်နေသည့်ဓာတ်ပုံနှင့်အတူ “ပြောပြီးသားနော်။ ပြောရင်ပြောတဲ့အတိုင်း လုပ်တယ်။ အကြမ်းဖက်သောင်းကျန်းသူ kia/kio နဲ့ ပတ်သက်သည်ဖြစ်စေ မပတ်သက်သည်ဖြစ်စေ ကချင်လူမျိုးဆိုတာနဲ့ ခုလိုတွယ်ခံရမှာပဲ။ အသက်ကြီးလည်း တွယ်မှာပဲ။ ဒီတစ်ကြိမ်လည်း မရှင်းသေးဘူး။ နောက်တစ်ခါဆို ကလေးအစခွေးအဆုံး ရှင်းခံရမယ်မှတ်ထားပါ။ ငါတို့အဖွဲ့က အရပ်သားဆိုပြီးလာပြောလည်း စောက်ဂရုမစိုက်ဘူး” ရေးသားဖော်ပြထားသည်။

လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများရေးသားနေသည့် Shan Ni Area Judiciary အမည်ဖြင့်ဖွင့်လှစ်ထားသော လူမှုကွန်ရက် စာမျက်နှာကို ယခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဖွင့်လှစ်ထားသည့် စာမျက်နှာဖြစ်ပြီး Like ပြုလုပ်ထားသူ ၂၀၅ ဦးနှင့် follower တစ်သိန်းကျော် (၁၀၄၀၀၀) ရှိသည်ကိုတွေ့ရှိရသည်။

သျှမ်းနီဒေသတရားစီရင်ရေးအမည်ဖြင့် လူမှုကွန်ယက်စာမျက်နှာတစ်ခုကိုလည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့က ဖွင့်လှစ်ထားသည်ကိုတွေ့ရပြီး အဆိုပါမူလစာမျက်နှာတွင် Follower ရှစ်သိန်းကျော်ရှိသည်ကို တွေ့ရှိရသည်။

SNAJ အဖွဲ့က နိုင်ငံရေးပါတီနှင့် စစ်တပ်မဟုတ်ကြောင်း ငြင်းဆိုထားပြီး ယခင်က သီးခြားတည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော်လည်း လက်ရှိအချိန်တွင် SNA နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နန့်မွန်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရှမ်းနီတရားစီရင်ရေး Page ထောင်ထားတဲ့အဖွဲ့ပဲဗျ။ အခုတော့ SNAJ ဆိုပြီး အမည်ပြောင်းထားတာ။ အရင်ကတော့ လူသတ်တာတွေဘာတွေလုပ်တယ်။ သူတို့အကြောင်းကို ဂဃနဏတော့သိပ်မသိဘူး။ အခုတော့ SNA နဲ့ပေါင်းပြီး လုပ်ရှားနေတာ” ဟုဆိုသည်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့တွင် SNA တပ် မဝင်ရောက်မီ ရက်ပိုင်းအတွင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲဝင်များကလည်း လူသစ်စုဆောင်းခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံများအနေဖြင့် အားကိုးရာမဲ့ဖြစ်နေရကြောင်း စစ်ဘေးတိမ်းရှောင်နေရသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“အခုက နန့်မွန်းမှာဆို SNA လည်းပိုဆိုးတယ်။ ခွေးတွေ့ရင်လည်း ခွေးပစ်သတ်။ လူတွေ့ရင်လည်း လူပစ်သတ် အဲဒီလိုမျိုးလုပ်နေတာ။ ကျွန်တော်တို့ဆို အခုအပြင်တောင်မှမသွားရဲဘူး။ ကျွန်တော်တို့မှာ SNA လည်း ကြောက်ရ တယ် KIA ကိုလည်းကြောက်ရတယ်။ ဘယ်သူ့ကိုမှလည်း အားကိုးလို့မရတော့ဘူး” ဟုဆိုသည်။

လူမျိုးရေးသွေးထိုးလှုံ့ဆော်သည့်ရေးသားမှုများသည် ယခုတစ်ပတ်အတွင်း နန့်မွန်းမြို့အနီးတဝိုက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်တစ်ချိန်တည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်သဖြင့် သွေးရိုးသားရိုးမဟုတ်ဘဲ ကချင်ဒေသတွင်းနေထိုင်သည့် လူမျိုးများအနေဖြင့် သတိပြုရန်လိုသည်ဟု ကချင်ဒေသနိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီလိုရေးသားတာက နန့်မွန်းမှာတိုက်ပွဲဖြစ်တဲ့အချိန်နဲ့ တစ်ချိန်တည်းမှာထွက်လာတာဆိုတော့ သွေးရိုးသားရိုး မဟုတ်ဘူး။ လူမျိုးရေးသွေးခွဲတာတွေနဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား မလိုမုန်းတီးမှုတွေဖြစ်ဖို့လုပ်တာက စစ်ကောင်စီတပ်က အရင်ကတည်းကသုံးတဲ့ နည်းဗျူဟာတစ်ခုပဲ။ တော်လှန်ရေးကိုဖျက်ဆီးဖို့လုပ်တဲ့ထောင်ခြောက်ထဲ ပြည်သူတွေမပါသွားဖို့လိုတယ်” ဟု ဆိုသည်။

ထို့အပြင် လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းနိုင်ရန် လူထုတစ်ရပ်လုံးဝိုင်းဝန်းတော်လှန်နေသည့် ကာလဖြစ်သဖြင့် အမြင်ကျဉ်းမြောင်းသည့် လူမျိုးရေးအမြင်ရှိသူများကို နေရာမပေးရန်လိုသည်ဟုလည်း သူကထောက်ပြသည်။

“ဒီအချိန်က ဘယ်သူဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့ကာလလေ။ စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ ဘယ်သူမဆို ဘာလူမျိုးရေးအကြောင်းပဲပြောပြော၊ ဘာသာရေးအကြောင်းပဲပြောပြော မယုံမိဖို့အရေးကြီးတယ်။ စစ်အာဏာရှင်မှာ လူမျိုးမရှိဘူး၊ ဘာသာမရှိဘူး။ သူ့အကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးပဲရှိတယ်။ စစ်ကောင်စီတပ်နဲ့ပေါင်းပြီး လူမျိုးရေးအကြောင်းပြောတဲ့သူက စစ်အာဏာရှင်နဲ့ အတူတူပဲ” ဟုဆိုသည်။

နန့်မွန်းမြို့၊ ရပ်ကွက် (၁)၊ သိရိမင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက် ဓမ္မရုံအနီးရှိ ပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ညတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့က အဓမ္မလူသစ်စုဆောင်းနေသောကြောင့်ဟုဆိုကာ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ