တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့နယ်တွင် စစ်ဆေးရေးဂိတ်တည်ဆောက်ရန်ဟုဆိုကာ ဒေသခံပြည်သူများ၏ နေအိမ်ခြံဝင်းကို ဘက်ဖိုးဖြင့်တူးဖော်နေကြောင်း သိရသည်။

နမ္မတူမြို့ ရပ်ကွက် (၈) ရှိ အိမ်ဝင်းမြ‌နေရာကိုပိုင်ရှင်များ စစ်ဘေးရှောင်နေချိန် ဘက်ဖိုးဖြင့် လာရောက်တူးဖော်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်မှူးထံသွားရောက်တိုင်ကြားခဲ့သော်လည်း ထူးခြားလာခြင်းမရှိဘဲ ယနေ့အထိတူးနေဆဲဖြစ်သည်ဟု အိမ်ရှင်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရှောင်နေပြီး နာရေးလည်းရှိနေလို့ အိမ်မပြန်နိုင်ဖြစ်နေတဲ့ချိန်မှာ အဲ့လိုဖြစ်လာတာ။ သူတို့ကိုပြန်သွားပြောတော့လည်း နင်တို့ခြံဆိုတာသာမှန်ရင် ဘာဖြစ်လို့ အစောကြီးဘာလို့လာမပြောကြတာလဲဆိုပြီး ပြောင်းပြန်ပြန်ပြောခံရတာ။ မြို့နယ်မှူးဆီသွားပြောကြဆိုလို့သွားပြောလည်း ဘာမှမထူးပါဘူး အခုလည်းလာလုပ်နေကြတယ်” ဟု ပြောသည်။

အဆိုပါမြေနေရာမှာ ဒေသခံပြည်သူသုံးဦးပိုင်သည့်နေရာဖြစ်ပြီး နေအိမ်များကို ထိခိုက်သဖြင့် ပျက်စီးဆုံးရှုံးမှုပိုများလာမည်ကို စိုးရိမ်သည်ဟု သူကဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ထံသွားရောက်တိုင်ကြားထားသော်လည်း တစ်စုံတစ်ခု အကြောင်းပြန်လာခြင်းမရရှိဘဲ TNLA က စစ်ဆေးရေးဂိတ် ဆောက်လုပ်နေပြီဖြစ်ကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးက ထပ်ပြောသည်။

“ကျွန်တော်တို့လည်း အစပိုင်းတော့ ပြောရင်ကောင်းမလား၊ မကောင်းဘူးလားဆိုပြီးတွေးနေကြတာ။ KIA တွေကိုလည်းတိုင်ထားတော့ သူတို့လည်းလိုက်ပေးနေတယ်ပြောလို့ သူတို့အချင်းချင်းဆွေးနွေးပြီးလုပ်နေကြချိန်မို့လို့နေမယ်ထင်လို့မပြောဖြစ်ခဲ့တာ အခုက နှစ်ဖက်စလုံးကဘာအကြောင်းမှမလာဘဲ ဆက်လုပ်နေကြ တာ” ဟု ပြောသည်။

လက်ရှိအချိန်တွင် ဘက်ဟိုးဖြင့် ကုတ်ကာ မြေများညှိနေပြီး လမ်း၏တဖက်တခြမ်းတွင် စစ်ဆေးရေးဂိတ်ဆောက်လုပ်ထားပြီဖြစ်ကြောင်းသိရသည်။

နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့အတွင်း အသုံးပြုပြီးမပေါက်ကွဲသေးသော စစ်ကျန်လက်နက်ပစ္စည်းများ များစွာကျန်ရှိနေသေးကြောင်းသိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ