ဖားကန့်မြို့နယ်၊ လဝါးကျေးရွာတွင် သတ်ဖြတ်ခံခဲ့ရသည့် ပြည်သူကိုးဦး၏ တစ်နှစ်ပြည့် အောင်းမေ့သတိရ ဆုတောင်းအစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခန့်က နမ္မတီးမြို့တွင် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အောက်မေ့သတိရဆုတောင်းအစီအစဉ်ကို လမ်းခွကျေးရွာတွင် လဘရော့ယန်ခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုတစ်စုံတစ်ရာကျူးလွန်ထားခြင်းမရှိသည့် အရပ်သားပြည်သူများ သတ်ဖြတ်ခံရသည့် အမှုမှန်ဖော်ထုတ်ရာတွင် ကြန့်ကြာနေခြင်းသည် KIO/KIA အပေါ်ယုံကြည်မှုကို သံသယဝင်လာစေသည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အခုနောက်ပိုင်း တော်တော်များများမေးနေတဲ့မေးခွန်းက သတ်ခံရလောက်တဲ့အပြစ်တွေရှိလို့လားဆိုတော့ မရှိပါဘူး သာမန်အရပ်သားတွေပါ။ ကျွန်မတို့မှာ ဒီအစိုးရကလွဲပြီး တခြားအစိုးရမရှိပါဘူး၊ အဲ့ဒါကြောင့် အခုလိုအမှုကြာနေတာက ယုံကြည်မှုပိုင်းမှာ သံသယဝင်လာတယ်။ ဒါပေမဲ့ ဒီအစိုးရပဲရှိတာမို့လို့ အမှုမှန်ကိုလိုချင်ပါတယ်” ဟုပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိသေးခြင်းဖြစ်ကြောင်း အမှုမှန်ဖော်ထုတ်ရေး ကော်မရှင်မှအဖွဲ့ဝင်တစ်ဦးကပြောသည်။

“မိသားစုတွေကတော့ အကုန်လုံးကျွန်တော်တို့တွေကို ယုံကြည်ထားတာ အမှုမှန်ဖော်ထုတ်ရေး‌ ကော်မရှင်ကို အပ်ထားတာဟုတ်တယ်။ ဒါပေမဲ့ ဒီအမှုလိုက်နေတဲ့ချိန်မှာပဲ တိုက်ပွဲတွေပြန်ဖြစ်လာတော့ ဘာမှမဖော်ထုတ်နိုင်သေးဘူး ဖြစ်နေတယ်” ဟုပြောသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့် ပြည်သူလူထုက မည်သည့်ပြစ်မှုကို ကျူးလွန်ခဲ့ပြီး မည်သူမည်ဝါ၏ စေခိုင်ခဲ့မှုကြောင့် သတ်ဖြတ်ခံခဲ့ရသည်ဟူသော အဖြေမှန်ကို လိုလားနေကြကြောင်းသိရသည်။

အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အလောင်းရှာဖွေမြှပ်နှံခြင်းကိုသာ လုပ်ဆောင်နိုင်ခဲ့ပြီး ကျူးလွန်သူများကို စစ်ဆေးအပြစ်ပေးအရေးယူနိုင်ခြင်းမရှိသေးပါ။

ဖြစ်ရပ်မှန်ပေါ်ပေါက်ရန်နှင့် တရားမျှတမှုရရှိနိုင်ရန် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က KIO/KIA ဌာနချုပ်တရားရုံးတွင် သက်သေနှင့်တကွ စစ်ဆေးမှုပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ် ဇွန်လအလယ်ပိုင်းမှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာကို အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

သတ်ဖြတ်ခံခဲ့ရသည့်ကိုးဦးထဲမှ ခုနှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုက ဖမ်းဆီးသွားပြီးနောက် ကျန်နှစ်ဦးကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီးသွားကာ သတ်ဖြတ်ခဲ့သည်။

သေဆုံးသူများတွင် အမျိုးသားခုနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်ပြီး ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့် အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရျိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံ၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ်ရှိ ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်၊ အသက် (၂၈) နှစ်ခန့်အရွယ်ရှိ ဒေါ်ဖောင်မားခေါန်ဘူနှင့် အသက် (၄၉) နှစ်ခန့်အရွယ်ရှိ ဦးကျော်စိုးဆိုသူတို့ဖြစ်သည်။

သတင်း – Zami

ပုံစာ – သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦး၏ သင်္ချိုင်းမြေနေရာ

သင့်ထင်မြင်ချက်ရေးပေးပါ