ရှမ်းနီပြည်သူ့စစ်က ယမန်နေ့ည ၄ နာရီခန့်တွင် ဖမ်းဆီးသွားသည့် မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ ဒေသခံပြည်သူနှစ်ဦး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ ကျေးရွာအတွင်းဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ည ၆ နာရီခန့်က အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း အမျိုးသားနှစ်ဦးကို ဆက်လက်ဖမ်းဆီးထားဆဲဖြစ်သည်ဟု ဖမ်းဆီးခံထားရသူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်မွေးဝက်နှစ်ကောင် လမ်းပေါ်မှာသေနတ်နဲ့ပစ်သတ်ထားတာ တွေ့ခဲ့ရတယ်။ သူတို့က အိမ်တွေကိုလိုက်ဖျက်ဆီး၊ အဲ့အချိန်အားလုံးထွက်ပြေးတာ၊ အဲ့မှာဖမ်းဆီးခံလိုက်ရတယ်။ တချို့က လမ်းပေါ်မှာပဲထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့သူတွေကိုတော့ သူတို့စခန်းရောက်တဲ့အခါမှာ ပြန်လွတ်ပေးလိုက်တယ်” ဟုပြောသည်။

အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် ၅၀ ကျော်အရွယ်ရှိ အင်ခွန်နော်ဂျာနှင့် အသက် ၄၀ ကျော်အရွယ်ရှိ မိတုန်နော်ဆိုသူတို့ဖြစ်ပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း သိရသည်။

ယမန်နေ့က ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းဝင်ရောက်လာချိန် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အသက် ၂၀ နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦး ဗုံးစထိမှန်သည့် ဒဏ်ရာများရရှိခဲ့ကြောင်း လိုက်လံကူညီပေးခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ခြေထောက်နဲ့ နံရိုးမှာ ဗုံးစထိသွားတယ်။ ကျွန်တော်တို့လည်းသူ့ကိုပြန်ကယ် ဆေးကုဖို့တောင် တော်တော်ခက်ခဲခဲ့ရတယ်။ အဲ့မှာရှမ်းနီတွေပြန်လိုက်လာနဲ့ တော်တော်ဒုက္ခရောက်လိုက်ရတယ်။ ဒီမနက်အခြေအနေမေးကြည့်တော့ သက်သာလာပြီလို့တော့ကြားရတယ်” ဟုပြောသည်။

မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ ရပ်ကွက် (၁)၊ သိရိမင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက် ဓမ္မရုံအနီးရှိ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၂၃ ရက်နေ့ညတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့က အဓမ္မလူသစ်စုဆောင်းနေသဖြင့် ယမန်နေ့က တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ShanNi Voice

သင့်ထင်မြင်ချက်ရေးပေးပါ