ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA) က အလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ည ၁၂ နာရီခန့်က ထုတ်ပြန်ကြေညာခဲ့သည်။

ပေါက်တောမြို့ရှိ ရဲစခန်းကို ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၁၅ ညကတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး မည်သည့်နေ့တွင် အလုံးစုံထိန်ချုပ်လိုက်သည်ကို ထည့်သွင်းရေးသားထားခြင်းမရှိပါ။

ယမန်နေ့က တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနှင့် ရေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်၊ ဆိုင်ခန်းပျက်စီးမှုများစွာရှိပြီး ယမန်နေ့တစ်ရက်အတွင်း ရမ်းဗြဲမြို့ပေါ်ရပ်ကွက်နှင့် အနီးတစ်ဝိုက်နေရာများကို တိုက်လေယာဉ်ဖြင့် ၃၃ ကြိမ်ထက်မနည်းလာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တပ်မဌာနချုပ်နှင့် အထိုင်ချစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ရယူရန် ကြိုးစားနေပြီး လက်နက်ချအညံ့မခံသည့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်တို့တွင်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ပြီး ထိုသို့ပြည်သူလူထုကို သတ်ဖြတ်နေသောစခန်းများကိုလည်းတိုက်ခိုက်သိမ်းယူသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ယမန်နေ့က မင်းပြားမြို့နယ်၊ သဲတန်းကျေးရွာတွင် ဒေသခံပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးနှင့် မောင်တောမြိုနယ်၊ ဇော်မတက်အုပ်စု၊ ကိုင်းကြီး (မြို) ကျေးရွာတွင်လည်း ကလေးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စ.က.ခ – ၁၅) က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်၊ မောင်နှမပုလဲတောင်ရွာကြီးမှ အရွယ်မ‌ရောက်သေးသော မွတ်ဆလင်ညီအစ်ကို သုံးဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ဇန်နဝါရီ ၁၃ ရက်နေ့အထိ နှစ်လအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၆၀ ဦးရှိသည်ဟု ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် (ULA) ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) က ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်း ၄ ခုနှင့် တပ်စခန်းပေါင်း ၁၅၀ ကျော်ခန့် တိုက်ခိုက်သိမ်းယူထားသည်။

သတင်း – Nann

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ