နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ၏ ခ.လ.ရ (၁၂၃) အထိုင်တပ်ရင်းစခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ညနေတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ယနေ့တစ်နေ့တည်းတွင် လေကြောင်းပစ်ကူအမြောက်အများဖြင့် ခုခံတိုက်ခိုက်ခဲ့သော်လည်း ယနေ့ညနေ မွန်းတည့်ချိန် ၃ နာရီဝန်းကျင်ခန့်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သိမ်းနိုင်တာကိုတော့ ရွာမှာရောက်နေတဲ့သူတွေဆီကိုဆက်သွယ်ပြီး သိရတာ။ ကျွန်မတို့ပြန်တဲ့ချိန်ကျ ရွာထဲမရောက်ခင် မော်ဖောင်းဆိုတဲ့နေရာပဲရောက်သေးတာ၊ လေယာဉ်တွေအရမ်းလာပစ်နေလို့ ပြန်လှည့်လာကြတာ။ ကျွန်မတို့က နမ့်ဖတ်ကာတစ်ရွာလုံးကိုတွေ့ရတဲ့နေရာကနေကြည့်နေတာ လေယာဉ်အမျိုးအစားအစုံနဲ့ အားရပါးရလာပစ်နေတာ လူထိတာတွေတော့မသိရသေးဘူး ရွာကအိမ်တွေအရမ်းလောင်နေတာတော့မြင်ခဲ့တယ်” ဟု ပြောသည်။

စခန်းသိမ်းပွဲမှ သိမ်းဆည်းရရှိနိုင်သည့် အသေးစိပ်အချက်အလက်နှင့် ထိခိုက်သေဆုံးမှုများ မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ညနေက သိမ်းနိုင်တာတော့အမှန်ပဲ ဒီတစ်ခါတော့။ ဒါပေမဲ့ ကျဆုံးမှုတွေ သိမ်းနိုင်တာတွေ ဖမ်းနိုင်တာတွေ မြို့ရွာဘယ်လောက်ထိသွားတာတွေ မသိရသေးဘူး။ လေယာဉ်လည်းတော်တော်လာကြမ်းထားတာဆိုတော့ ထိခိုက်တာတဲ့အိမ်တွေအဆောက်အအုံတွေလည်းမနည်လောက်ဘူး” ဟု ပြောသည်။

နမ့်ဖတ်ကာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ ၁၂၃) ကို ရက်ပေါင်း ၂၀ ကျော်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က နမ့်ဖတ်ကာတွင် ပစ်ချနိုင်ခဲ့သည်။

သတင်း – Zami

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ