အဓမ္မလူသစ်စုဆောင်းနေသည့် စစ်ကောင်စီနှင့် SNA ပူးပေါင်းတပ်ဖွဲ့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နန့်မွန်းမြို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသောကြောင့် ယနေ့ နံနက်ပိုင်းမှစတင်ကာ တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ ရပ်ကွက် (၁)၊ သိရိမင်္ဂလာဘုန်းကြီးကျောင်းအနောက်ဘက် ဓမ္မရုံအနီးရှိ ပြည်သူ့စစ်စခန်းတွင် ယမန်နေ့ည ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်အဖွဲ့ကပစ်တာလဲတော့မသိရဘူး။ ဓမ္မာရုံမှာ လက်နက်ကိုင်တွေလာနားတော့ တောဘက်က ဒရုန်းနဲ့ပစ်တယ်တဲ့၊ လက်နက်ကြီးသံက ၃ ချက်လောက်ကြားရတယ်။ သေနတ်သံတွေလည်း ကြားတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မနေ့ညကတော့ ကတုတ်တွေမှာပုန်းရတယ်။ လယ်တောဘက်လည်း ထွက်ပြေးကြရတယ်” ဟုပြောသည်။

နန့်မွန်းမြို့အဝင် ထွေအုပ်ရုံးအနီးရှိ ပြည်သူ့စစ်စခန်းကို ဒရုန်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အင်းတော်ကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နန့်မွန်းပြည်သူ့စစ် SNA စခန်းပေါ့ အဲဒါကိုဒရုန်းရယ်၊ လက်နက်ကြီးရယ်၊ လက်နက်ငယ်တွေနဲ့ ပစ်ပေးတာပေါ့။ သူတို့စခန်းကတော့ မိုင်းနောင်ကနေ နန့်မွန်းထဲဝင်ဝင်ချင်း ရဲကင်းနားလေးပေါ့လေ” ဟုဆိုသည်။

အုပ်ချုပ်ပိုင်းမှ တာဝန်ရှိသူများက လူမပေးနိုင်ကြောင်းပြောလိုက်ရာ နှစ်ရက်အတွင်း နေအိမ်များမှ လိုက်လံခေါ်ယူမည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ရှောင်တာကတော့ နန့်မွန်းတစ်မြို့လုံးကုန်သလောက်ပါပဲ။ ရှမ်းနီစစ်ကြောင်းက လမ်းပေါ်မှာတွေ့နဲ့ လူတွေကိုဖမ်းတယ်။ ဆိုင်ကယ်တွေကိုစစ်တယ်။ ရွာထဲမှာလည်းသူတို့ ပတ်မွှေချင်သလိုမွှေတယ်။ တောင်းတဲ့လူဦးရေကို နှစ်ရက်အတွင်းမပေးနိုင်ဘူးဆိုရင် နှစ်ရက်နောက်ပိုင်းကို အိမ်အထိလိုက်ဆွဲမယ် ပြောတဲ့အခါကျတော့။ သတင်းကပေါက်ပြီးတော့ လူတွေအကုန်လုံးကထွက်ပြေးကုန်တော့တာ” ဟုဆိုသည်။

ထို့အပြင် နန့်မွန်းမြို့ရှိ ကချင်နှစ်ခြင်းအသင်းတော် (KBC) မှ အသင်းသား အိမ်ထောင်စု ၂၀၀ ခန့်ကလည်း ဟိုပင်မြို့သို့ တိမ်းရှောင်နေကြကြောင်း ဘာသာရေးဆရာတစ်ဦးက ပြောသည်။

“တိုက်ပွဲအကြီးအကျယ်ဖြစ်တာတွေတော့ မရှိဘူး။ ကြိုတင်ပြီးစစ်ရှောင်လာတာဟုတ်တယ်။ ကချင်တွေနေတဲ့ဘက်လည်း တော်တော်များများရှောင်ပြီ။ တခြားလူမျိုးတွေ ပိုစစ်ရှောင်ကြပြီ။ အိမ်မှာ တစ်ယောက်၊ နှစ်ယောက်လောက်ပဲ ကျန်နေကြတယ်။ ဒီမှာရှိတဲ့ကားတွေနဲ့စီစဉ်ပြီးသွားနေတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်ကလည်း မိုးညှင်းမြို့နယ်၊ ဘီလူးမြို့အနောက်ဘက်ရှိ စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးစခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

နန့်မွန်းမြို့တွင် ၂၀၁၄ သန်းခေါင်စီရင်းအရ အိမ်ထောင်စု ၂၄၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၆၀၀၀ ကျော်နေထိုင်ပြီး ရှမ်းနီလူမျိုးများနှင့် ကချင်လူမျိုးအများဆုံးနေထိုင်ကာ ရှမ်းနီးပြည်သူ့စစ်က လှုပ်ရှားရာဒေသဖြစ်ကြောင်း သိရသည်။

သတင်း – Doi Awng၊ Thu Ta

ပုံ – ဟိုပင်မြို့သို့ တိမ်းရှောင်လာသည့် နန့်မွန်းမြို့မှဒေသခံပြည်သူများ

သင့်ထင်မြင်ချက်ရေးပေးပါ