ပူတာအိုဒေသအတွင်း မိမိဒေသကိုကာကွယ်ရန်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များက လူသစ်စုဆောင်းပြီး စည်းရုံးလှုံ့ဆော်မှုများရှိနေကြောင်း သိရသည်။

ရဝမ်လူမျိုးများ အများဆုံးနေထိုင်သည့်ကျေးရွာများတွင် ပြည်သူ့စစ်အင်အားဖြည့်တင်းကာ ပူတာအိုဒေသကို ကာကွယ်ရန်ဟုဆိုကာ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့သို့ဝင်ရောက်ရန် လိုက်လံစည်းရုံးနေခြင်းဖြစ်သည်ဟု ဇီဒမ်းကျေးရွာနေ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စည်းရုံးတာ သက်သက်တော့မဟုတ်ဘူး။ ကိုယ့်ဒေသကို လုံခြုံဖို့ တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ မလာအောင် ဘယ်လိုလုပ်ရမလဲ ဆွေးနွေးတာရှိပါတယ်။ လီဆူပြည်သူ့စစ်တွေလည်း ပူတာအိုဘက်မှာ စခန်းထိုင်ဖို့ နေရာတောင်းလို့ ဘယ်လိုလုပ်ကြမလဲဆိုပြီး ဆွေးနွေးတယ်။ လူအင်အားမပြည့်ရင် အင်အားများတဲ့ အဖွဲ့တွေကို နေရာပေးဖို့ အခြေနေရှိနေတယ်လို့ ပြောတာဟုတ်တယ်” ဟုပြောသည်။

ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ထံ စစ်သင်တန်းတက်ရောက်ခဲ့သူများကို အဓိကထား စည်းရုံးနေခြင်းဖြစ်ပြီး စစ်ရေးအခြေအနေအရ အတင်းအဓမ္မခေါ်ယူစုဆောင်းခြင်းများလည်းရှိလာနိုင်ကြောင်း ဒုတ္တန်ရပ်ကွက်နေ ရပ်မိရပ်ဖ အမျိုးသားတစ်ဦးကပြောသည်။

“တခြားသူတွေကိုလည်းခေါ်တယ် အခုကပထမဦးဆုံးဆိုတော့ အတင်းအဓမ္မကြီးတော့မခေါ်သေးဘူး၊ ဒါပေမဲ့ အခုနိုင်ငံရေးအခြေအနေအရ နောက်တော့အတင်းခေါ်လာနိုင်တယ်။ သူတို့ပြောတာက ပူတာအိုကို မရှုပ်ချင်လို့ သူတို့အင်အားဖြည့်ပြီးတော့ တပ်လန့်လုပ်ချင်တဲ့သဘောပေါ့” ဟုပြောသည်။

လက်ရှိအချိန်တွင် ပူတာအိုမြို့နယ်ရှိ ရဝမ်လူမျိုးစုများ အများဆုံးနေထိုင်သည့် ဇီးအွန်ကျေးရွာ၊ အထက်ဆန်ဂေါင်ကျေးရွာ၊ အောက်ဆန်ဂေါင်ကျေးရွာနှင့် ဒုတ္တန်ရပ်ကွက်တို့တွင် အဓိကထား လိုက်လံစည်းရုံးနေခြင်းဖြစ်ပြီး ရဝမ်လူမျိုးများ၏ ဒေသကာကွယ်ရေးအတွက်ဟုဆိုကာ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ ဖြစ်နိုင်ချေမရှိကြောင်း သူကဆက်ပြောသည်။

“ရဝမ်တချို့လည်း အဲ့ပြည်သူ့စစ်ကို ရဝမ်ပြည်သူ့စစ်လို့ခေါ်တာမကြိုက်တဲ့သူတွေလည်းရှိတယ်။ သူတို့ကရဝမ်အတွက်လုပ်တယ်လို့ပြောတာက ပူတာအိုမှာ ရဝမ်လူမျိုးပဲရှိတာမှမဟုတ်တာ၊ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ခံယူချက်ကမတူတော့ အဲ့တာကပြောဖို့ခက်တယ်။ အခုတောင်မြန်မာနိုင်ငံက လက်နက်ကိုင်များလို့ ပြဿနာများနေတာ” ဟုပြောသည်။

ရဝမ်လူမျိုးများ၏ အကျိုးစီးပွားအတွက်မဟုတ်ဘဲ ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်အဖွဲ့အဖြစ် ဖွဲ့စည်းထားသောကြောင့် လူငယ်များက ပြည်သူ့စစ်တပ်သို့ ဝင်ရောက်မည်မဟုတ်ဘဲ အတင်းအကြပ်စုဆောင်းပါက ထွက်ပြေးမည်ဖြစ်ကြောင်း အသက် ၂၆ နှစ်ခန့်အရွယ်ရှိ လေယာဉ်ကွင်းရပ်ကွက်နေ လူငယ်တစ်ဦးကပြောသည်။

“ခေတ်လူငယ်တွေက ပညာမတတ်တဲ့ကောင်မပါဘူး၊ မရမကလုပ်ခိုင်းရင် အကုန်လုံးထွက်ပြေးမဲ့လူတွေပဲ ငါဆိုလည်း ထွက်ပြေးမှာ။ လီဆူတွေအဲ့လိုခေါ်လို့ အခုတော့ရွာမှာ ဘယ်လူငယ်မှ မရှိတော့ဘူး။ ရဝမ်လူမျိုးအတွက်လုပ်တယ်ဆိုတာ Fake (အတု)တွေပဲ အားလုံးကသူတို့စားကွက်အတွက်လုပ်နေကြတာ။ သူတို့ပိုင်နက်တွေမှာ ရွှေတွေဘာတွေတူးပြီး အကုန်ကုန်ပြီလေ၊ ဘာမှမကျန်တော့ဘူး။ လူမျိုးကို တကယ်ချစ်တယ်ဆိုရင်တော့ အဲ့လိုဘယ်လုပ်မလဲ စဉ်းစားကြည့်ရင်သိတယ်” ဟုပြောသည်။

ပြည်သူ့စစ်တပ်ဖွဲ့သို့ဝင်ရန် ကျေးရွာအတွင်း လိုက်လံစုဆောင်းနေသူမှာ ဦးမယစ်ယောရှုနှင့် ဦးခေါင်လန်ဒီးဆိုသူတို့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ထုတ်ပေးထားသည့်လက်နက်များပြန်အပ်ကာ ပြည်သူ့စစ်တပ်ဖွဲ့မှ ထွက်လာသူများရှိကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ခေါင်းလန်ဖူးမြို့နယ်၊ ခရန်ထီဒမ်းကျေးရွာရှိ ဌာနေပြည်သူ့စစ်စခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA)၊ PDF putao နှင့် ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF) တို့က ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လကလည်း မြစ်ကြီးနား – ပူတာအို လမ်းမကြီးပေါ်ရှိ ပူတာအိုမြို့မှ ဆွမ်ပီယာန်ကျေးရွာအထိ လီဆူလူမျိုးများ၏နယ်မြေအဖြစ် သတ်မှတ်ပြီး ဖတ်မာနှင့် လုံရှာယာန်ကျေးရွာကြား စခန်းချနေထိုင်ရန် စစ်ကောင်စီဗျူဟာက ခွင့်ပြုပေးထားပြီဟုဆိုကာ လီဆူပြည်သူ့စစ်တပ်ဖွဲ့ထဲဝင်ရန် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လိုက်လံစည်းရုံးခဲ့သည်။

သတင်း – May

သင့်ထင်မြင်ချက်ရေးပေးပါ