စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝက်လက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို ယနေ့ နံနက် ၃ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ပြီး သိုလှောင်ထားသော စားနပ်ရိက္ခာများ ယူဆောင်သွားကြောင်း သိရသည်။

အင်အား ၆၀ ခန့်ပါရှိသော စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးများပစ်ခတ်ကာ စဉ့်ကူးမြို့နယ်၊ ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကတော့ အဲ့ရွာကိုပဲတည့်တည့်လာပြီး ပစွည်းတွေယူပြီးတော့ သူတို့စခန်းကိုပဲပြန်ဝင်သွားတာက သူတို့ရိက္ခာပြတ်လပ်သွားလို့ ရိက္ခာလိုချင်လို့ လုပ်သွားတဲ့သဘောပါပဲ။ ပြည်သူတွေရဲ့ ပစ္စည်းတွေ အကုန်သယ်သွားတယ်ဗျာ” ဟုပြောသည်။

ရွာမီးရှို့ဖျက်ဆီးခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး အိမ်ထောင်စု ၁၃ စု၏ နေအိမ်အဆောက်အဦး ၁၅ လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် ပဲမှော်စဉ်တစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူတို့(စစ်ကောင်စီ)တွေနဲ့ အတွေ့မခံဘူလေ၊ အားလုံးက လွတ်အောင်တော့ ပြေးကြရတာပါပဲ။ ဒီမနက်ရွာဝင်လာတုန်းကတော့ လက်နက်ကြီး၊ လက်နက်ငယ်တွေအရင် ရမ်းသမ်းပစ်ခတ်ပြီးတော့မှ ဝင်လာပြီး မီးရှို့သွားတာ။ ကောက်၊ ပဲ၊ သီးနှံတွေ စိုက်ပျိုးပြီးရောင်းရတဲ့ငွေနဲ့မှ ဆောက်လုပ်ကြတာဆိုတော့ အိမ်တစ်လုံးဖြစ်ဖို့ဆိုတာကမလွယ်ကူပါဘူး။ အခုလောလောဆယ်က ရွာပြန်ဝင်လို့ရတဲ့ အချိန်တော့ မိုးကာတွေနဲ့ ယာယီတဲလေးတွေလုပ်ပြီး နေကြရမှာပေါ့” ဟုပြောသည်။

ရွာသာယာကျေးရွာသည် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်စွဲထားသော စခန်းရှိသည့် ရေလည်မော်ကျေးရွာနှင့် မျက်နှာချင်းဆိုင်တွင်တွင်ရှိပြီး မီတာ ၄၀၀ ခန့်သာကွာဝေးကြောင်း သိရသည်။

ဝက်လက်မြို့နယ် ပဲ့သူကြီးကျေးရွာကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ် အလုံး ၂၀ ခန့် မီးရှို့သွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – Wetlet Informational Network

 

သင့်ထင်မြင်ချက်ရေးပေးပါ