အကြောင်းပြချက်တစ်စုံတစ်ရာပြောခြင်းမရှိဘဲ စစ်ကောင်စီတပ်က ခြိမ်းခြောက်ကာ ဗန်းမော်မြို့၊ တာပိန်မြစ်ပေါ်တွင်တည်ဆောက်ထားသည့် ပေတစ်ထောင်ကျော်ရှည်သည့် ဝါးတိုင်ပျဉ်ခင်းတံတားကို ဖျက်ခိုင်းခဲ့ကြောင်းသိရသည်။

ရွှေကျီးနားရပ်ကွက်နှင့် စင့်ကင်စံပြကျေးရွာကို ဆက်သွယ်ထားသည့် တံတားကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) ဗျူဟာမှူးအမိန့်ဟုဆိုကာ ယမန်နေ့က အပြီးဖျက်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု စင့်ကင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာသူရွာသားတွေကတော့ ညှိတာ မရဘူး ဖျက်ဆိုဖျက်ပေါ့။ မနေ့ကဖျက်ပြီးသွားပြီ။ မနေ့က ဖျက်နေတဲ့အချိန်မှာပဲ ၁၂ နာရီထိုးလောက်မှာ လက်နက်ကြီးနဲ့လည်း ရမ်းသမ်းပစ်တယ်” ဟုဆိုသည်။

အဆိုပါတံတားကို တာပိန်မြစ်တစ်ဖက်ကမ်းရှိ ကျေးရွာများက ကိုယ်ထူကိုယ်ထ တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည်မှာ တစ်လပင်မရှိသေးဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း အခြား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဆောက်ထားတာမှ ၁၇ ရက်ပဲရှိသေးတယ်။ အဲဒါကိုဖျက်ရတယ်။ မဖျက်ရင်ရွာကို မိုင်းခွဲမယ်ဆိုပြီးဖျက်ခိုင်းတယ်။ တနေ့ကပြောတာ မနေ့ကအပြီးဖျက်ရတယ်” ဟုပြောသည်။

ယမန်နေ့က တံတားဖျက်နေစဉ်အတွင်း စစ်ကောင်စီတပ်က ဗန်းမော်မြို့ ဧရာဝတီမြစ် တစ်ဖက်ကမ်းသို့ လက်နက်ကြီး ၁၃ ကြိမ်ခန့်ပစ်ခတ်ခဲ့သောကြောင့် မြစေတီကျေးရွာရှိ နေအိမ်အနီးကျရောက် ပေါက်ကွဲပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

တာပိန်မြစ်ပေါ်တည်ဆောက်ထားသည့် အဆိုပါတံတားမှာ ပေပေါင်း ၁၇၀၀ ကျော်ရှည်ပြီး စင့်ကင်၊ ငှက်ပျောတော၊ သဖန်းပင် အပါအဝင် ကျေးရွာပေါင်းများစွာမှ လူဦးရေ နှစ်သောင်းကျော်ဖြတ်သန်းသွားလာ အသုံးပြုနေကြသည်။

ရွှေကျီးနားရပ်ကွက်နှင့် စင့်ကင်ကျေးရွာကို ဆက်သွယ်ထားသည့် အဆိုပါတံတားကို ထိုဒေသရှိ ရွာသားများ စုပေါင်းပြီး ၁၉၇၅ ခုနှစ်မှစတင်ကာ နှစ်စဉ်နှစ်တိုင်း တည်ဆောက်လာသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။

သတင်း – Thu Ta

ပုံစာ – ရွှေကျီးနားရပ်ကွက်နှင့် စင့်ကင်စံပြကျေးရွာကိုဆက်သွယ်ထားသည့် တာပိန်မြစ်ကူးတံတား (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ