ဗန်းမော်မြို့ NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို ယနေ့ နံနက် ၃ နာရီခန့်က စစ်ကောင်စီတပ်က လာရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

နောင်ခိုရပ်ကွက်၊ ရွှေကျီးနားဘုရားသို့သွားသည့် လမ်းရှိ ဦးဇော်သင်းပိုင်ဆိုင်သည့်နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“ကိုဇော်သင်းအိမ်ကို မီးရှို့သွားပြီလေ။ စစ်ကောင်စီတွေရှို့တာပေါ့။ လုံးဝတော့ပြာကျသွားတယ်။ အနောက်အိမ်က သူ့အိမ်နဲ့ကပ်နေတော့ မီးသတ်ကား လေးစီးက အဲဒီအိမ်မထိအောင် သူတို့ကာကွယ်ရတာပေါ့” ဟုဆိုသည်။

စစ်ကောင်စီတပ်က မီးလောင်ပျက်စီးသည်ဟုဝါဒဖြန့်ပြောဆိုနေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ဦးဇော်သင်း၏နေအိမ် အနီးတွင်နေထိုင်သူများကို ကိုးကားပြီး အခြားဒေသခံ တစ်ဦးက ပြောသည်။

“အဲ့ဘက်ကတော့ သူ့ဘာသူမီးလောင်တယ်လို့ ဝါဒဖြန့်တယ်တဲ့။ တကယ်တမ်းဆိုအဲဒီအိမ်က ချိတ်ပိတ်ထားတာကို လူလည်းတစ်ယောက်မှမနေတာ။ အဲဒီနားကလူတွေပြောတာကတော့ သူတို့ပဲ မီးရှို့သွားတာပေါ့” ဟုဆိုသည်။

အဆိုပါအိမ်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ချိန်ပိတ်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်သင်းသည် ၂၀၁၅ ခုနှစ်က ဗန်းမော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် အဖြစ်အနိုင်ရရှိခဲ့ပြီး ၂၀၂၀ နိုဝင်ဘာလက ပြုလုပ်သည့် ရွှေးကောက်ပွဲတွင် လည်းထပ်မံအနိုင်ရရှိထားသူ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်း၏ ချိတ်ပိတ်ခံထားရသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ