မြစ်ကြီးနားမြို့တွင် ယနေ့ညနေပိုင်းအတွင်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ပြီး အချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်ဂျန်ဒုံရပ်ကွက်၊ ကြာရာပတ္တီးသွားလမ်းတွင် ယနေ့ညနေ ၅ နာရီခန့်က ရှေ့မှသွားနေသော ဆိုင်ကယ်နှစ်စီးကို တစ်စီးက နောက်မှဝင်တိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ညာဘက်နားမှ သွေးများထွက်ကာ သတိလစ်သွားသည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မြစ်ကြီးနားမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“နောက်ကအမျိုးသားတစ်ဦးကဝင်တိုက်လိုက်တာ။ တစ်ယောက်ပဲစီးတဲ့အမျိုးသမီးက ထိခိုက်သွားတယ်။ နားကသွေးအရမ်းထွက်ထားတယ်။ သတိမေ့နေတုန်းပဲ၊ တခြားနေရာတွေ ခေါင်းတွေမှာတော့ ဒဏ်ရာမရထားဘူး။ တခြားဆိုင်ကယ်ကအမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်ကဆေးခန်းက ညာဘက်လက်ခွဲစိတ်ပြီးပြန်လာတာတဲ့၊ နဖူးမှာနည်းနည်းအဖုဖြစ်သွားတာ” ဟုပြောသည်။

နောက်မှဝင်တိုက်သည့် အမျိုးသားက ကြာရာပတ္တီးလမ်းတို့ဆိုင်ကယ်ဖြင့် မောင်းပြေးသွားကြောင်းသိရသည်။

ထို့အပြင် အောင်နန်းရပ်ကွက် အ.ထ.က (၂) ကျောင်းအနောက်တွင်လည်း ယနေ့ညနေ ၄ နာရီခန့်က မိသားစုသုံးဦးစီးနင်းလာသည့် ဆိုင်ကယ်ကို ဖိုးဝီးကားတစ်စီးက ဖြတ်တိုက်သွားသဖြင့် အမျိုးသားဖြစ်သူ ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ကားက ဖြတ်တိုက်ပြီးမောင်းပြေးသွားတာ၊ ဖြစ်တုန်းကတော့ သတိမရဘူး။ ခေါင်းပေါက်ထားတာ၊ ဆေးရုံရောက်မှသတိရလာတာ။ စကားတောင်မပြောနိုင်သေးဘူး” ဟု‌ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှစ်ခုမှ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အသက် ၃၅ နှစ်ကျော်အရွယ်ရှိ အမျိုးသမီးနှင့် အသက် ၃၇ နှစ်ခန့်အရွယ်ရှိ အမျိုးသားတို့ကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး ယနေ့နံနက်ကလည်း နမ္မတီးမြို့တွင် ကားနှင့် ဆိုင်ကယ် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့/ ကချင်ပြည်နယ်/ မြစ်ကြီးနား၊ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ