ကချင်ပြည်နယ်၊ မိုးကောင်းမြို့၊ နောင်ကိုင်တော်ရပ်ကွက်မှ အမျိုးသမီးတစ်ဦး နှစ်လနီးပါးကြာသည်အထိ အဆက်အသွယ်မရဘဲပျောက်ဆုံးနေကြောင်းသိရသည်။

အဖျားကြီးပြီး ဦးနှောက်ထဲပိုးဝင်သွားပြီးနောက် နေမကောင်းဖြစ်နေသည့် အမျိုးသမီးတစ်ဦးမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့က နေအိမ်မှထွက်သွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု အစ်မတော်စပ်သူက The 74 Media ကိုပြောသည်။

“သူကဖျားပြီးတော့ ဦးနှောက်ထဲမှာဖြစ်သွားတာပေါ့ အတိတ်မေ့၊ ဒီဆယ်ကျော်သက်အထိပဲ မှတ်မိတာပေါ့နော်။ အိမ်ကနေထွက်သွားပြီဆိုလို့ရှိရင်လည်း ပြန်ပြန်ခေါ်ပြီးထားထားတာပေါ့နော်။ အခုကျတော့ မိဘတွေက အလုပ်လုပ်နေတဲ့အချိန်မှာ ထွက်သွားတာ ကျွန်မတို့ကမသိလိုက်ဘူး။ ကျွန်မတို့ဝေစာတွေလည်းဖြန့်တယ်။ စတစ်ကာတွေနဲ့လည်း လိုက်ကပ်တယ်ပေါ့နော်။ ဒါပေမဲ့သူ့ကို အခုအထိရှာမတွေ့သေးဘူး” ဟုပြောသည်။

ပျောက်ဆုံးနေသည့် အသက် ၃၉ နှစ်ခန့်အရွယ်ရှိ ဒေါ်ဘောက်ဂျာဆိုသူမှာ ယခင်ကလည်း နေအိမ်မှ ထွက်ခွာသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ပြန်လည်တွေ့ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟုဆိုသည်။

“ကလေးတစ်ယောက်ပျောက်သွားတယ်ဆိုတော့လေ၊ အမေကလည်း အခုအရမ်းအေးတဲ့အချိန် ဘယ်လိုများနေနေမလဲ ဘယ်လိုများစားနေမလဲဆိုပြီး တွေးပြီးတော့ ညတိုင်းငိုနေတာ” ဟုပြောသည်။

ဒေါ်ဘောက်ဂျာကို ပြန်လည်တွေ့ရှိပါက မိသားစုဝင်မျာ၏ ဖုန်းနံပါတ် ၀၉၄၄၄၃၇၂၃၈၅ သို့ ဆက်သွယ်အကြောင်းကြားပေးပါစေလိုကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင်နေထိုင်သည့် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦး နေအိမ်မှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ