ကားနှင့်ဆိုင်ကယ်တိုက်မိသဖြင့် ယနေ့နံနက် ၉ နာရီခန့်က နမ္မတီးမြို့တွင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြို့လှရပ်ကွက်၊ ရွှေလှိုင်းရေသန့်စက်ရုံအနီးတွင် ကလေးကျောင်းပို့ရန်အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် TOYOTA HILUX ဖိုးဝီးအမျိုးအစားကားအဖြူရောင် တိုက်မိသဖြင့် ဦးခေါင်းတွင်ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နှလုံးလှကျန်းမာရေးကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ကားရဲ့ရှေ့မီးခွက်ကိုလာတိုက်သွားတာ၊ ကန့်လန့်အနေအထားနဲ့လာတိုက်မိတာဟုတ်တယ်။ အမျိုးသမီးက ကလေးကိုမူကြိုသွားပို့ချိန်ဖြစ်တာ။ ဦးခေါင်းနောက်စေ့ထိသွားတာ၊ ဦးနှောက်ကိုသွေးယိုစိမ့်သွားတယ်ထင်တယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၅၈ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးမှာ လမ်းခွကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါလာသည့် အသက် ၅ နှစ်ခန့်အရွယ်ရှိ ကလေးငယ်မှာ ခါးတွင် ပွန်းပဲ့ဒဏ်ရာရရှိခဲ့သဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ကလည်း ဆိုင်ကယ်ဘေးတွဲတစ်စီးနှင့် ခရီးသည်တင်ကား တိုက်မိသောကြောင့် နမ္မတီးမြို့တွင် အမျိုးသားတစ်ဦးသေဆုံးသွားကာ ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

The 74 Media က ရရှိထားသောအချက်အလက်အရ မြစ်ကြီးနားမြို့တွင် ပြီးခဲသည့်တစ်ပါတ်အတွင်း ယာဉ်တိုက်မှု ၁၁ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိသူတစ်ဦးနှင့် သေဆုံးသူ နှစ်ဦးရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – နှလုံးလှကျန်းမာရေးကူညီမှုအသင်း၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့

သင့်ထင်မြင်ချက်ရေးပေးပါ