တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားစဉ် အိန္ဒိယနိုင်ငံဘက်သို့ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို သွားရောက်တင်ဆောင်သည့် ထောက်ပို့လေယာဉ်တစ်စီး ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခြင်းဖြစ်ပြီး လေယာဉ်သုံးပိုင်းကျိုးသွားကြောင်း သိရသည်။

လေယာဉ်ပြေးလမ်းချော်ပြီး ထက်ပိုင်းကျိုးသွားရာတွင် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း CNO/ CNDF စစ်ရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူက The 74 Media ကိုပြောသည်။

“သူတို့ အိန္ဒိယဘက်ကိုထွက်ပြေးတဲ့ကောင်တွေကို လာကြိုတာဖြစ်နိုင်မယ်။ ကျွန်တော်တို့သိတာတော့ မီဇိုရမ်၊ Lang Pui မှာပေါ့။ အဲဒီမှာ သူတို့စစ်ကောင်စီလေယာဉ် မှားဆင်းတယ်နဲ့တူတယ်။ စစ်ကောင်စီဘက်ကရှစ်ယောက်လောက် ဒဏ်ရာရထားတယ်လို့လည်းကြားရတယ်” ဟုဆိုသည်။

အိုင်ဇောလ်မြို့ဒေသခံတစ်ဦးက အဆိုပါလေယာဉ်သည် လေဆိပ်ကိုဆင်းသက်စဉ် ပြေးလမ်းချော်သွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသည့်အခြေအနေကို မသိရသေးကြောင်း ဒေသအခြေစိုက်သတင်းဌာနတစ်ခုကို ဖြေကြားထားသည်။

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၇၆ ဦးထဲမှ အများစုကို ယမန်နေ့က သွားရောက်သယ်ယူခဲ့ပြီး ယနေ့သွားရောက်သယ်ဆောင်စဉ် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြေးလမ်းချော်သွားသည့်လေယာဉ်သည် တရုတ်နိုင်ငံထုတ် Y-8 (Yunshuji Y-8) လေယာဉ်အမျိုးအစားဖြစ်ပြီး စစ်ကောင်စီတပ်တွင် ငါးစီးထက်မနည်း တပ်တော်ဝင်ထားသည်။

အဆိုပါ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စီးသည် ၂၀၁၇ ခုနှစ်တွင် မြိတ်မြို့မှရန်ကုန်မြို့သို့သွားစဉ် ပျက်ကျခဲ့ဖူးပြီး လေယာဉ်ပေါ်ပါလာသူ ၁၂၂ ဦးလုံး သေဆုံးခဲ့သည်။

သတင်း – Hkashi၊ Thu Ta

ဓါတ်ပုံ- The Lairam Times

သင့်ထင်မြင်ချက်ရေးပေးပါ