ဆားလင်းကြီးမြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးထက်မနည်းသေဆုံးသွားကြောင်း သိရသည်။

မုံရွာမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာပြီး အင်အား ၈၀ ခန့်ရှိသော အဆိုပါစစ်ကြောင်းကို ယခုလ ၂၁ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲခန့်က လက်တောင်းငယ်ကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိသည်ဟု Union Liberation Front – ULF ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက The 74 Mediaကို ပြောသည်။

ချင်းတွင်းမြစ်တဖက်ကမ်း ကူးတို့ကူးပြီး စစ်ကြောင်းထိုးနေတာ။ တိုက်ပွဲအတွင်းမှာတော့ လက်နက်ကြီးတွေ ဘာတွေအပြန်အလှန်ပစ်တယ်ဗျာ အီနာဂါးတို့လည်းပစ်တယ်။ တိုက်ပွဲကပြင်းထန်တဲ့သဘောပဲဗျာ။ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်ဗျာ၊ မျက်မြင်ကိုယ်တွေ့ အလောင်း ၁၇ လောင်းတွေ့တယ်၊ ကျန်တာအထိခိုက်ဒဏ်ရာရသူတွေလည်းများတယ်ဗျာ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲ လေးနာရီခန့်ကြာဖြစ်ပွားခဲ့ပြီး MA3 တစ်လက်၊ RPG ကျည်ဖူး လေးလုံး၊ 60mm ကျည် လေးလုံး၊ 40 mm ဗုံးသီး ၁၅လုံး၊ 5.56 ကျည်နှင့် ခဲယမ်းသိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းက ဆားလင်းကြီးမြို့နယ်အတွင်း ဝင်ရောက်နေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ခရိုင်စစ်ရေးကွပ်ကဲမှုဖြင့် Union Liberation Front – ULF တပ်ပေါင်းစု၊ ယင်းမာပင်ခရိုင် KLG PDF – ကျောက်လုံးကြီးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LPDF တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်ငါးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အသက်န္တရာယ် မစိုးရိမ်ရကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်ရှိ လည်ငေါက်ကျေးရွာအနီးတွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – Union Liberation Front – ULF V 02 FB page

သင့်ထင်မြင်ချက်ရေးပေးပါ